Popular Posts

Saturday, June 4, 2011

စနေနေ့ ည ညတစ်ဝက်

အာလူးတွေ ပုပ်ကုန်တာဟာ
ဘုရားသခင်ကြောင့် မဟုတ်ပေမဲ့

အာလူးတွေ ကိုတော့
ဘုရားသခင် ဖန်ဆင်း ပေးခဲ့တယ်။

စနေနေ့ ည ညတစ်ဝက်ဟာ
ဘုရားသခင်ပေးတဲ့ လက်ဆောင်ပဲ

ကျန်တာကတော့
ဆိုဒ်အဖက်* တွေပေါ့။

အခက်ကြီးထဲ သွန်ချလို့။

အခက်ကြီးထဲ ခုန်ရလို့။

အခက်ကြီးထဲ ခုန်ချလို့။


ထွန်းနွယ်
(၀၄.၀၆.၁၁)

(မှီငြမ်း ၊ သီဟသူ ၊ စနေနေ့ နေ့တစ်ဝက်)
(မောင်ပြည့်မင်း ၊ အခက်ကြီးထဲ ခုန်ချ)
*ဆိုဒ်အဖက်=side effects

Monday, May 23, 2011

ငှက်

တောင်ပံမီးစွဲနေတဲ့ ငှက်တစ်ကောင်
ဖြောင့်ဖြောင့်တန်းတန်း မပျံနိုင်ဘူး
*မြို့ရဲ့အူသံတွေဆီ

ဘယ်အကိုင်းမှာ နားမလဲ
ရင်ကို မြားတစ်စင်းလာစိုက်တယ်

ရွပ်ရွပ်ချွံချွံ လမ်းမှားပုံက
ကိုယ့်အမည် ကိုယ်မုန်းလောက်အောင်ပါပဲ။

လေထဲပျံတာတောင်
အရိပ်ကို ကြောင်ခုတ်ခံရတယ်
စက္ကူပန်းတွေလိုပဲ
ရနံ့မပါဘူး
စက္ကူပန်းတွေလိုပဲ
အရောင်မလွင့်ဘူး
ဒုက္ခစစ်စစ်တွေ မာခဲပုံက
ကဗျာတွေတောင် ဖျတ်ခနဲသေတယ်

သိပ်သိပ်သည်းသည်း လမ်းကလေးအတိုင်း
အတွေးတွေ တွယ်စီးလာရ
မြို့အူသံထဲက
တိုးထွက်လာခဲ့ပေမယ့်
တည့်တည့်မတ်မတ် မပြန်နိုင်တော့ဘူး
ဦးခေါင်းမီးစွဲလာတဲ့ ငှက်တစ်ကောင်။ ။

ကိုရွေး

*မြို့အူသံ။ ။ အရှင်ဇနကာဘိဝံသ၏ အခြေပြု ပဌာန်းစာအုပ်မှ

Saturday, February 5, 2011

နီယွန်မီး ရဲ့ သားကောင်များ

ဒီ နှိုးစက် နာရီသံကို ပဲ
တစ်ညလုံး စောင့်အိပ်ခဲ့ ရတာ။

နိုးတာနဲ့ ခေါင်းပေါ်မှာ
နီယွန်မီးကြီး သာနေတာ။

လေးဘက်လေးတန် ပိတ်နေတဲ့
မနက်ခင်း ကို
ဝေ နေတဲ့ မျက်လုံးတွေနဲ့
လေးနေတဲ့ စိတ်ကြီး တွေနဲ့

ငါဟာ ငါနဲ့ ချွတ်စွတ်တူလာတာကို

။မတင်မကျ။မကျေမနပ်။လွမ်းလွမ်းဆွေးဆွေး။တက်တက်ကြွကြွ။

ပြီး
လည်နေတဲ့ စက်ကြီးထဲ
တစ်ခေါင်းလုံး ပြေးဝင်ထိုးစိုက်လို့

ဂျပန်ပြည် က ၁၇ နှစ်သား
စူဆိုက်သမားလေး ကို သတိရလို့

အမဲလိုက် အက ကို သတိရလို့

တစ်ခါစားခဲ့ဖူးတဲ့
အောင်သေ အောင်သား ကို သတိရလို့

အဲ့သတိရမှု အကုန်လုံး ကို
သတိရဖို့ ကို သတိမရလို့

နီယွန်မီးတွေအောက်မှာ
အပန်ဖြေ အနားယူနိုင်ဖို့

နီယွန်မီးတွေ ထွန်းရင်း

။ကိုယ်၊ စိတ် ၊ နှလုံး သုံးပါးလုံး(လုံး)။

ပင်ပန်းလိုက်ကြတယ်။ ။



ထွန်းနွယ်

(၆.၂.၂၀၁၁)

Thursday, January 13, 2011

အတွေးစများ (၂)

လူတစ်ယောက်ရှိသည်။ နိုင်ငံအုပ်ချုပ်မှုပိုင်းတွင် တာဝန်ယူရသည်။ ပြည်သူတို့ အမြတ်တနိုးတန်ဖိုးထားသော နိုင်ငံပိုင်ပစ္စည်းတစ်ခုကို တစ်ဦးတည်းဆန္ဒဖြင့် အခြားနိုင်ငံတစ်ခုသို့ ပေးပစ်သည်။



လူတစ်ယောက်ရှိသည်။ ဇနီး၊သား၊သမီးတို့ပါဝင်သော အိမ်ထောင်တစ်ခုကို ဦးစီးသည်။ အိမ်ရှင်မကွယ်ရာတွင် သားနှင့်သမီးကို အစေခံလုပ်ရန် အခြားလူတစ်ဦးလက်သို့ အပ်လိုက်သည်။



တည်ဆဲဥပဒေများအရ ထိုလူမျိုးကို နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှုဖြင့်လည်းကောင်း၊ အရွယ်မရောက်သေးသည့်ကလေးငယ်များကို ညှင်းပန်းနှိုပ်စက်မှုဖြင့် လည်းကောင်း၊ တရားစွဲအရေးယူခွင့် ရှိပါသည်။ ထားပါ၊ တရားဥပဒေဆိုသည်များကို ထည့်သွင်းမစဉ်းစားပါနှင့်။ မိတ်ဆွေတို့လက်ခံယုံကြည်ထားသော လူ့ကျင့်ဝတ်တန်ဖိုးများအရ သုံးသပ်အကဲဖြတ်ကြည့်ပါ။ တရားနည်းလမ်းကျသူတစ်ဦးဟု ထင်ပါသလား။ လေးစားချီးကျူးထိုက်သူတစ်ဦးဟု ယူဆပါသလား။ အကယ်၍ ထိုပုဂ္ဂိုလ်သည် ဘုရားလောင်းနောက်ဆုံးပါရမီဖြည့်ရာဘ၀ဆိုသည့် 'ဝေဿန္တရာမင်းကြီး' ဖြစ်နေခဲ့လျှင်ရော မိတ်ဆွေတို့အမြင်ကို တစ်စုံတစ်ရာသက်ရောက်မှုရှိပါမည်လား။



ဇာတက၀တ္ထုများတွင်နောက်ဆုံးဖြစ်သည့် “ဝေဿန္တရာဇာတ်တော်ကြီး”ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်း ရင်းနှီးပြီးသားဖြစ်လိမ့်မည်ဟု ယူဆသောကြောင့် အကျယ်မဖွင့်ဆိုတော့ပါ။ သိဝိတိုင်းပြည်မှ ဘုရင့်သားတော် ဝေဿန္တရာမင်းသားလေးသည် အမိဝမ်းမှကျွတ်စကတည်းက လှူရန်ပစ္စည်းလက်ဖြန့်တောင်းသူဖြစ်သည်။ အသက်(၁၆)နှစ်တွင် မဒ္ဒီမင်းသမီးနှင့်လက်ဆက်ပြီး ဖခင်ထီးနန်းကိုဆက်ခံသည်။ နိုင်ငံ၏ အထွတ်အမြတ်ထားရာ ဆင်ဖြူတော်ကို အိမ်နီးချင်းနိုင်ငံမှ ပုဏ္ဏားအလှူခံများအား လှူလိုက်သဖြင့် ပြည်သူတို့အမျက်ရှပြီး ထီးနန်းမှချကာ တောထဲသို့နှင်ထုတ်ခြင်းခံရသည်။ မဒ္ဒီဒေ၀ီ၊ သားတော်ဇာလီ၊ သမီးတော် ကဏှာဇိန်တို့နှင့်အတူ တောကျောင်းသင်္ခမ်းတွင် ရသေ့ရဟန်းပြု၍ နေ၏။ တစ်နေ့ မဒ္ဒီဒေ၀ီ သစ်သီးရှာသွားခိုက် မယားအတွက် အစေခံအရှာထွက်လာသော ဇူဇကာပုဏ္ဏားက သားနှင့်သမီးကို အလှူခံသည်။ ဒါနပါရမီဖြည့်နိုင်ပြီဟူသော ၀မ်းသာမှုမျိုးဖြင့် စိုးရိမ်ထိတ်လန့်စွာ ပုန်းအောင်းနေသော သားနှင့်သမီးကို ရအောင်ခေါ်၍ ပုဏ္ဏားနှင့်ထည့်လွှတ်လိုက်သည်။ မဒ္ဒီဒေ၀ီပြန်လာ၍ သားသမီးများကို မတွေ့ရလေလျှင် စိုးရိမ်ခြင်းကြီးစွာဖြင့် တောအနှံ့လိုက်ရှာသည်။ ထို့နောက်မှ အကြောင်းစုံသိပြီး မင်းကြီးနှင့်အတူ သာဓုခေါ်ကြသည်။ ဇာလီ၊ ကဏှာဇိန်တို့ကား ဘိုးတော်မင်းကြီးနှင့်တွေ့ပြီး ပုဏ္ဏားထံမှ ရွေးယူခံရသည်။ အဆုံး၌ကား ဝေဿန္တရာမင်းကြီးထီးနန်းပြန်ရပြီး အသက်ထက်ဆုံး အလှူဒါနပြုနိုင်ခဲ့လေသတည်းဟု ဇာတ်ပေါင်းထားပါသည်။



“ဝေဿန္တရာဇာတ်တော်ကြီး”စကားပြေကို ကျွန်တော်ဖတ်ရှုခဲ့ရသည်မှာ အထက်တန်းကျောင်းတက်စဉ်ကတည်းက ဖြစ်မည်ထင်သည်။ မည်သည့်ထူးထူးခြားခြား ခံစားမှု၊ တွေးတောမှုကိုမှ မဖြစ်ပေါ်စေခဲ့ပါ။ ယမန်နေ့ကမှ ဒဂုန်ဦးထွန်းမြင့်ရေးသည့် ဇာတ်ကြီးဆယ်ဘွဲ့စာအုပ်ကို ကောက်လှန်မိရင်း ဆရာပါရဂူရေးသည့် ဇာတကသမိုင်း နိဒါန်းကိုဖတ်မိပြီး ယခုစာစုကလေးကို ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ ဆရာပါရဂူက ဤသို့ရေးထားပေ၏။



“ဝေဿန္တရာမင်းကြီးသည် သူ့မယားနှင့်သားသမီးများကို လက်လွတ်စပယ် ပေးနိုင်ခွင့် ရှိ၊မရှိ ဟူသော ပြဿနာသည် အရေးကြီးသည့် ပြဿနာမဟုတ်ပေ။ ယင်းဇာတ်တော်၌ ရည်ရွယ်ချက်မှာ ပုဂ္ဂိုလ်တစ်ဦးဦး၏ သားမယားသည် မိမိသဘောအတိုင်း ပေးလိုက ပေးပစ်၍ရသော၊ ရောင်းလိုက ရောင်းပစ်၍ရသော ရွေ့ပြောင်းနိုင်သည့် ပစ္စည်းဝတ္ထုဖြစ်သည် ဟူသည့်အချက်ကို ဖော်ပြရန်မဟုတ်ပေ။ လောကီ ပစ္စည်းဥစ္စာ ဟူသမျှကို တွယ်တာမှုလုံးဝကင်းခြင်း၊ သံယောဇဉ်ပြတ်ခြင်းသည် ဗောဒိသတ္တ ခေါ် ဘုရားလောင်းတို့၏ ကျင့်စဉ်ဖြစ်သည်ဟူသော အချက်ကို ဖော်ပြလိုခြင်း၊ (၀ါ) ဗောဒိသတ္တ၏ ကျင့်စဉ်တစ်ခုဖြစ်သည့် ဒါနပါရမီကို ဖော်ပြလိုခြင်းသာလျှင် ယင်းဇာတ်တော်၏ ရည်ရွယ်ချက် ဖြစ်လေသည်။”



ရှေးဦးစွာ ဇာတ်တော်ကြီး၏ ရည်ရွယ်ချက်ဆိုသည်နှင့် ပတ်သက်၍ ပြောလိုပါသည်။ ယခုဇာတ်တော်ကြီးကဲ့သို့ ရသစာပေစာပေသက်သက်မဟုတ်သည့် ဆုံးမစာအနွယ်ဝင်စာမျိုးတွင် စာရေးသူဖော်ပြလိုသော ရည်ရွယ်ချက်တစ်စုံတစ်ရာ ရှိမည်ဖြစ်ကြောင်းကို ကျွန်တော်လက်ခံပါသည်။ ဗောဒိသတ္တ၏ ဒါနပါရမီကျင့်စဉ်ကို ဖော်ပြလိုခြင်းသည် ယခုဇာတ်တော်ကြီး၏ အဓိကရည်ရွယ်ချက်ဖြစ်သည်ဆိုသည်ကိုလည်း ကျွန်တော့်အနေဖြင့် ငြင်းချက်ထုတ်ရန် မရှိပါ။ သို့သော် စာဖတ်သူတစ်ဦးအနေဖြင့် စာရေးသူပေးလိုသည်ကို ယူလိုက်လျှင် ပြီးပြီလား။ စာရေးသူပေးလိုသည်မှအပ အခြားအရာအားလုံးကို အရေးမကြီးဟု မျက်ကွယ်ပြုလိုက်ရမည်လား။ လွတ်လပ်သော စာရေးသူတစ်ဦးသည် သူရေးသော စာတစ်ပုဒ်တွင် သူပေးချင်သည်ကို ပေးနိုင်ပါသည်။ ၄င်းမှာ စာရေးသူ၏ အခွင့်အရေးဖြစ်သည်။ လွတ်လပ်သော စာဖတ်သူတစ်ဦးအနေဖြင့်လည်း သူဖတ်သောစာတစ်ပုဒ်မှ သူရှာချင်သည်ကိုရှာ၊ သူတွေ့ချင်သည်ကိုတွေ့၊ သူယူချင်သည်ကိုယူနိုင်သော အခွင့်အရေးရှိသည်ဟု ကျွန်တော်ကတော့ မှတ်ယူပါသည်။ သူရလိုက်သောအရာ၏ အရေးကြီးခြင်း၊ မကြီးခြင်းမှာ သူကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်ပြီး ဘေးလူတစ်ယောက်မှလည်းကောင်း၊ စာရေးသူကိုယ်တိုင်မှလည်းကောင်း ၀င်ရောက်အကဲဖြတ်၍မရဟု ကျွန်တော်မြင်ပါသည်။ သို့ဖြစ်သောကြောင့် ဇာတ်တော်ကြီးပါ ဝေဿန္တရာမင်းကြီး၏ အပြုအမူများကို လွတ်လပ်သောစာဖတ်သူတစ်ဦးအနေဖြင့် အကဲဖြတ်နိုင်ခွင့်ရှိကြောင်း ထင်ရှားပါသည်။



လူတစ်ဦး၏ ကိုယ့်ကျင့်တရားကို အကဲဖြတ်ရန်ရာတွင် အသုံးပြုသောနည်း၊ စံနှုန်းများစွာရှိသည့်အနက် ကျွန်တော်သဘောကျလက်ခံထားသော အကျိုးသက်ရောက်မှုအဓိကနည်းနှင့် စေတနာအဓိကနည်းတို့ကို အသုံးပြုပြီး ချဉ်းကပ်ကြည့်ပါမည်။ (ဤနေရာတွင် ဝေဿန္တရာမင်းကြီးသည် ဘုရားအလောင်းဖြစ်သောကြောင့် လူသာမန်တို့၏ ကျင့်ဝတ်စံနှုန်းများဖြင့် အကဲမဖြတ်သင့်ဟု ကန့်ကွက်မှုများရှိနိုင်ပါသည်။ ကျွန်တော့်အတွက်မူ ဘုရားအလောင်းသည်လည်းကောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင်သည်လည်းကောင်း လူများသာဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် လူတို့၏စံနှုန်းများကိုသာ အသုံးပြုပါမည်။) အကျိုးသက်ရောက်မှုအဓိကနည်းဆိုသည်မှာ “The end justifies the means.”၊ “အကျိုးရလဒ် (၀ါ)ပန်းတိုင်သည် လုပ်နည်းလုပ်ဟန်ကို အဆုံးအဖြတ်ပေးသည်” ဟူသော အယူအဆဖြစ်သည်။ ဝေဿန္တရာမင်းကြီးသည် ဆင်ဖြူတော်ပစ္စယအား လှူလိုက်ခြင်းဖြင့် ထီးနန်းကိုဆုံးရှုံးရသကဲ့သို့ မိဖုရား၊သားသမီးတို့နှင့်တကွ တိုင်းပြည်မှ နှင်ထုတ်ခြင်းခံခဲ့ရသည်။ ကိုယ်ပိုင်အကျိုးရလဒ်အရ အနှုတ်ပြသော လုပ်ရပ်ဖြစ်သည်။ သို့သော် လှူဒါန်းလိုက်သော ဆင်ဖြူတော်ကြောင့် အိမ်နီးချင်းနိုင်ငံတွင် မိုးခေါင်ရေရှားမှုရပ်တန့်ပြီး ပြည်သူများချမ်းသာရာရသည်ဆိုပါကမူ မှန်ကန်သောလုပ်ရပ်ဟုသာ ဆိုရပေလိမ့်မည်။ သားတော်၊ သမီးတော်တို့ကို လှူဒါန်းလိုက်သည့် ဖြစ်စဉ်တွင်လည်း ထို့အတူပင်ဖြစ်သည်။ သား၊သမီးတို့ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ မဒ္ဒီဒေ၀ီ သေမတတ် ပူဆွေးဝမ်းနည်းရခြင်းတို့ရှိခဲ့သော်လည်း အဆုံးသတ်တွင် မည်သူတစ်ဦးတစ်ယောက်မှ ဒုက္ခမတွေ့ဘဲ (ဇူဇကာမှလွဲ၍) ချမ်းသာခြင်းသို့ရောက်ရလေသည်။



အကျိုးသက်ရောက်မှုနည်းအရ ဝေဿန္တရာမင်းကြီး၏ လုပ်ရပ်တို့သည် မှားယွင်းသည်ဟု မဆိုနိုင်ပေ။ သို့သော် ယခုလေ့လာနေသောဖြစ်ရပ်သည် လက်တွေ့ဘ၀တွင်းမှမဟုတ်ဘဲ ယုတ္တိပိုင်းအရ လွန်စွာအားနည်းသော ဇာတကလာ ပုံဝတ္တုတစ်ခုဖြစ်ကြောင်းကိုတော့ ထည့်သွင်းစဉ်းစားရပေမည်။ ထို့ကြောင့် အကျိုးသက်ရောက်မှုနည်းထက် စိတ်ပိုင်းဆိုင်ရာအခြေခံသော စေတနာအဓိကနည်းကသာ အသုံးပြုရန် ပိုပြီးသင့်လျော်ပေလိမ့်မည်။ စေတနာအဓိကနည်းဆိုသည်မှာ 'ကောင်းသောစေတနာနှင့် ပြုမူပြောဆိုခြင်းသည် မည်သို့အကျိုးသက်ရောက်မှုရှိသည်ဖြစ်စေ ကောင်းသည်'ဟူသော အယူအဆနည်းဖြစ်သည်။ ယခုဇာတ်တော်ကြီးမှ ဝေဿန္တရာမင်းကြီး၏ အပြုအမူများသည် ကောင်းသောစေတနာကို အခြေခံပါသလား။ မင်းကြီးသည် ဘ၀တစ်သက်တာလုံး ဒါနပါရမီဖြည့်ရန်ဟူသော လှုံ့ဆော်မှုအောက်တွင် အလှူဒါနကိုသာ တစိုက်မတ်မတ်ပြုခဲ့သူဖြစ်သည်။ ဆင်ဖြူတော်ကို လာရောက်အလှူခံသောအခါတွင်လည်းကောင်း၊ ဇူဇကာက သားနှင့်သမီးကိုအလှူခံသောအခါတွင်လည်းကောင်း၊ သိကြားမင်းက ပုဏ္ဏားယောင်ဆောင်ပြီး မဒ္ဒီဒေ၀ီကို လာရောက်အလှူခံသောအခါတွင်လည်းကောင်း၊ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း၊ တွေးတောခြင်းမရှိပဲ (သူ့စာထဲကအတိုင်းဖော်ပြရလျှင်) 'လက်ထဲသို့ အသပြာတစ်ထောင်ထုပ်ကို လာ၍ထည့်သကဲ့သို့ ၀မ်းမြောက်ဝမ်းသာဖြစ်လျက်' လှူဒါန်းခဲ့သည်။ အလှူခံပုဂ္ဂိုလ်နှင့် အလှူခံရခြင်းအကြောင်းတို့ကို အနည်းငယ်မှ မသိသေးပါဘဲ ထိုသို့ဝမ်းသာအားရဖြစ်ရခြင်းမှာ လှူဒါန်းရခြင်းကြောင့် ဖြစ်ပေါ်လာသော ကျေနပ်မှုပီတိမဖြစ်နိုင်ဘဲ ဒါနပါရမီဖြည့်နိုင်ပြီ၊ သဗ္ဗညုတဥာဏ်ရရန် အထောက်အကူဖြစ်ပေပြီဟူသော အလိုပြည့်သည့်ကျေနပ်မှုမျိုးသာ ဖြစ်ပါလိမ့်မည်။ တစ်နည်းဆိုရလျှင် မင်းကြီးပြုသမျှ အလှူအားလုံးတို့သည် သဗ္ဗညုတဥာဏ်ရရန်၊ ဘုရားဖြစ်ရန်အတွက်သက်သက်သာ ဖြစ်သည်။



ဆင်ဖြူတော်ကို လှူဒါန်းခြင်းသည် အိမ်နီးချင်းနိုင်ငံမှ ပြည်သူများ အငတ်ဘေးလွတ်ရန်မဟုတ်၊ ဘုရားဖြစ်ရန်အတွက်သာ ဖြစ်သည်။ ကြောက်ရွံ့ထိတ်လန့်နေရှာသော သားနှင့်သမီးကို ယခုမှတွေ့ဖူးသည့် သူစိမ်းတစ်ယောက်ထံ အစေခံအဖြစ် ထည့်လိုက်ခြင်းသည်လည်း ဘုရားဖြစ်ရန်အတွက်သာဖြစ်သည်။ အခြားသူဒုက္ခရောက်ရင် ရောက်ပါစေ၊ စိတ်ဆင်းရဲချင်ဆင်းရဲပါစေ၊ မိမိရည်ရွယ်ချက် ပြီးမြောက်ဖို့သာ အဓိကဟူသော စိတ်ဓာတ်မျိုးကို ကောင်းမွန်သောစေတနာဟု ကျွန်တော်ကတော့ လက်မခံနိုင်ပါ။ ထိုကဲ့သို့သော စိတ်ဓာတ်မျိုးနှင့် ပြုလုပ်သည့် အပြုအမူအားလုံးတို့ကိုလည်း ကောင်းသည် (၀ါ) မှန်သည်ဟု မဆိုနိုင်တော့သလို ဘ၀တစ်သက်တာလုံး ထိုစိတ်ဓာတ်သာ လွှမ်းမိုးခဲ့သည့် လူပုဂ္ဂိုလ်တစ်ဦးကိုလည်း မြင့်မြတ်သူ၊ လေးစားလောက်သူဟု သတ်မှတ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပါ။



ဆက်လက်၍ ဇာတ်တော်ကြီး၏ အဓိကရည်ရွယ်ချက်ဖြစ်သော ဗောဒိသတ္တတို့၏ကျင့်စဉ်အကြောင်း အနည်းငယ်ပြောလိုပါသည်။ လောကီ ပစ္စည်းဥစ္စာဟူသမျှကို တွယ်တာမှုလုံးဝကင်းခြင်း၊ သံယောဇဉ်ပြတ်ခြင်းသည် မြင့်မြတ်သောကျင့်စဉ်ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံထားကြပါသည်။ (ကျွန်တော် လက်ခံခြင်း၊ လက်မခံခြင်းကိုတော့ ယခုစာစုတွင် မဆွေးနွေးတော့ပါ။) သို့သော် ကျွန်တော်ဘ၀င်မကျသည်မှာ လောကီ ပစ္စည်းဟူသမျှကို တွယ်တာမှုကင်းချင်သူ၊ သံယောဇဉ်ပြတ်ချင်သူတစ်ဦးအနေဖြင့် သံယောဇဉ် အငြိမခံရအောင့် အစကတည်းက အဘယ်ကြောင့် မရှောင်ခဲ့သနည်းဆိုသည်ကို ဖြစ်သည်။ မိဘများအနေဖြင့် မိမိတို့ကြောင့် လူ့လောကထဲရောက်လာသော သားသမီးများကို အရွယ်ရောက်သည်ထိ ကျွေးမွေးပြုစုစောင့်ရှောက်ရခြင်းသည် လူများသာမက တိရိစ္ဆာန်များပင်လိုက်နာကြသော လောကနီတိတစ်ခုဖြစ်ပါသည်။ ထိုနီတိကို မျက်ကွယ်ပြု၍ သံယောဇဉ်ပြတ်ပါပြီဟုဆိုကာ သားသမီးများကို လက်လွတ်စပယ်ပေးပစ်ခြင်းသည် လူ့ကျင့်ဝတ်ကို အဆိုးရွားဆုံး ဖောက်ဖျက်ခြင်းပင်ဖြစ်သည်ဟု ကျွန်တော်ကတော့ မြင်ပါသည်။



ဝေဿန္တရာမင်းကြီးသည် ဘုရားအလောင်းဖြစ်သည်။ ဘုရားအလောင်းကို ဤသို့သုံးသပ်အကဲဖြတ်ခြင်းသည် ဗုဒ္ဓဘုရားကို စော်ကားခြင်းပင်ဖြစ်သည်ဟု မိတ်ဆွေတို့ ယူဆကောင်းယူဆနိုင်ပါသည်။ ထိုသို့ယူဆမိသူများအနေဖြင့် ဤသို့စဉ်းစားကြည့်စေချင်ပါသည်။ မြတ်စွာဘုရားပွင့်တော်မူခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့် နီပေါနိုင်ငံတွင် ဖြစ်ပါသည်။ မြတ်စွာဘုရားနှုတ်မှ မြွက်ကြားခဲ့သည့် ပါဠိဘာသာတရားတော်များကို ရဟန်းတော်များက နှုတ်ဖြင့်သာ အာဂုံဆောင်ခဲ့ထိန်းသိမ်းခဲ့ကြပြီး ပထမဆုံးအကြိမ် စာနှင့်ပေနှင့်စတင်မှတ်တမ်းတင်နိုင်ခဲ့သည်မှာတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်လေးရာအကြာ ဘီစီ (၁)ရာစုတွင်မှ ဖြစ်ပါသည်။ ထိုနှစ်လေးရာကာလအတွင်း ရဟန်းတော်တို့ အာဂုံဆောင်ထိန်းသိမ်းခဲ့ရာတွင်လည်းကောင်း၊ နှစ်ပေါင်းနှစ်ထောင်ကျော်ကာလအတွင်း မူရင်းပါဠိဘာသာမှ သက္ကတ၊သီဟိုဠ်၊ မြန်မာစာ စသည်ဖြင့် အဆင့်ဆင့်ဘာသာပြန် ကူးယူဖော်ပြခဲ့ရာတွင်လည်းကောင်း လွဲချော်မှုများ၊ အပိုအလိုများ ရှိနိုင်မည်သာဖြစ်သည်။ အထူးသဖြင့် ယခုဇာတ်တော်ကြီးကဲ့သို့သော ဇာတကပုံဝတ္ထုများတွင် ရာဇ၀င်ဆရာတို့၏ ထိုးဇာတ်၊လုပ်ဇာတ်များ အနည်းနှင့်အများပါဝင်နေမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် 'ဘုရားဟော'ဆိုတိုင်း 'အားလုံးအမှန်'ဟု မျက်စိမှိတ်ယုံကြည်နေ၍ မရတော့ဘဲ မိမိတို့စဉ်းစားဥာဏ်ဖြင့် ပိုင်းခြားဝေဖန်ကြည့်မှသာ သင့်လျော်ပေလိမ့်မည်။ ယခုစာစုပါ အကြောင်းအရာများသည် ထိုသို့ပိုင်းခြားဝေဖန်ကြည့်ရန် ကြိုးစားထားသော ကျွန်တော့်၏ အားထုတ်မှုများသာ ဖြစ်ပါသည်။ ကျွန်တော့်စာစုပါ မှန်ခြင်း၊မှားခြင်း ဝေဖန်မှုများကို မိတ်ဆွေတို့အနေဖြင့် အလုံးစုံလက်ခံရန်မလိုသလို၊ လက်ခံမည်ဟုလည်း မမျှော်လင့်ပါ။ မိတ်ဆွေတို့၏ မှန်ခြင်း၊မှားခြင်းမှာ မိတ်ဆွေတို့ကိုယ်တိုင် ဆုံးဖြတ်ရမည့်အရာသာ ဖြစ်ပါသည်။ ။

ပြေစိုးကျော်