Popular Posts

Friday, December 17, 2010

ဘတ်စ်ကား စောင့်ခြင်း

ဒီနေ့လည်း ခါတိုင်းလိုပဲ မှတ်တိုင်မှာ ထိုင်ပြီး ဘတ်စ် စောင့်ဖြစ်သည်။



ကားတစ်စီးပဲ ပြေးသော လမ်းပေါ်မှ မှတ်တိုင်ဖြစ်သည်။



ဆိုင်ကယ်တစ်စီး လီဗာ ဆွဲ၍ လမ်းပေါ် ဖြတ်မောင်းသွားသည်။ ကျွန်တော် ဆဲ ပလိုက်သည်။

မှတ်တိုင်မှာ တစ်ယောက်တည်းဆိုတော့ ကိစ္စမရှိ။ ဘယ်သူမှ မကြား။ ရှိလည်း နားလည်မည်မဟုတ်။



ဥသြ ငှက် ကို သတိရခြင်း နိမိတ်ပုံလို သုံးကြသည်။ သတိရတယ် ဆိုတာ ပြောတော့သာ ပေါ့ပေါ့လေး ပြောထွက်သည်။

သတိရခြင်းကို တကယ်တွေးလိုက်တိုင်း မျက်ရည်များဝေ့တတ်လာတတ်သည်။

အသက်ရှည်ဆုံး ဆဲလ်မှာ ဦးဏှောက်ဆဲလ် ဟုဖတ်ဖူးသည်။ တစ်သက်လုံး သေမသွားတတ်ဟုဆိုသည်။



မနက်မိုးလင်းတိုင်း သင်္ဘောကျင်းကြီးများရှေ့ ပလက်ဖောင်းများတွင် စီတန်းအိပ်နေသော အလုပ်သမားများ။

လူသား၏ စိတ်ကူးကွန့်မြူးမှုကို ကန့်သတ်လိုက်သော ကျမ်းစာအုပ်များ။



ကျွန်တော်တို့ ကမ္ဘာကြီးတွင် သူရဲဘောကြောင်သူများလည်း နေထိုင်ကြ၍ သူရသတ္တိ ပြည်စုံသူများလည်းနေထိုင်ကြသည်။

မာသာထရီစာလို အကြင်နာ ကြီးသူများ ပေါ်ပေါက်ခဲ့ကြသလို စစ်များလည်း ဖြစ်ခဲ့ကြဖူးသည်း



ဘာသာတရား များ ကွဲပြား၍ ဘာသာစကားများလည်း ပေါများလှသည်။



တီထွင်မှုများ အံ့မခန်း ဖြင့် လူတို့ နေထိုင်ရာ ဘောင်(၀ါ)ထောင် ကြီးကို တပ်မက်ဖွယ်ရာ ဆောက်တည်ခဲ့ကြသည်။

အီဂျစ်တွင် ပိရမစ်များ ယုံကြည်မှု ချွေးစက်များ ၊ သွေးများ ၊ လူ ဟု သတ်မှတ်ဖွယ်ရာများ။

အိန္ဒိယ တွင် တခ်ျမဟာ ၊ မေတ္တာ ၊ အလွမ်း ၊ အနမ်း။

အီတလီ တွင် အံ့မခန်း ပွဲကြည့်စင် ၊ ရဲရင့်မှု ၊ ဖျော်ဖြေမှု ၊ လူ ဆိုသည်မှာ

တို့ကို အံ့မခန်း တည်ဆောက်ခဲ့ကြပြန်သည်။



ဝေးလွင့်သွားသော နေ့ရက်များ မှ အမှတ်ရမှု တို့ကို တူးဖော်ကြည့်ခြင်းဖြင့် နေသာဖွယ်ရာများ တွေ့ရှိတတ်လာကြသည်။



မနက်မိုးလင်း သည်နှင့် ဟယ်လို ဟု နှုတ်ဆက်လိုက်ကြသည်။

ထို့နောက် တစ်ဦးနှင့်တစ်ဦး အရိုအသေ ပေး၍ စတင် တိုက်ခိုက်ကြလေတော့သည်။

အားကစား စိတ်ဓါတ်အပြည့်ဖြင့် တိုက်ခိုက်ကြသည်။ အနိုင်မခံ အရှုံးမပေး တိုက်ခိုက်ကြသည်။

ဟိုလီဖီး ၏ နားရွက်ပြတ်ထဲမှ ဘုရားသခင် ၏ ကောင်းချီးပေးမှု ကို လှပစွာ ငိုမိ ခဲ့ကြဖူးသည်။



ဖြစ်နိုင်သလိုလို အိပ်မက်တွေရှိသည်။ မဖြစ်နိုင်သော လမ်းတွေပေါ် ရောက်နေတတ်ကြသည်။



တွေ့သမျှ နံရံ ပြေးဝင်ဆောင့်ကြသည်။

မာတယ်ဟုထင်နေရုံသာ။ တကယ်မာတယ် မမာဘူး ဆိုတာ ဘုရားသခင်မှပဲ သိမည်။



သွေးခြင်းခြင်း နီနေသော အောက်တိုဘာ လ ၏ တစ်ခုသောနေ့ရက်တွင် အလံကို ဝှေ့ယမ်း၍ လွတ်လပ်ခြင်း ဟု အမည်တပ်

အောင်ပွဲ ခံခဲ့ကြဖူးပြီ။

စက်သွား များ ထဲ တွင် ပြေးဝင်အိပ်စက် လည်ပတ် ၊ အပေးနဲ့ အယူ

ထိုးပေး ၊ ထိုးပေး ၊ မင့် ခေါင်းကိုဘုရားသခင် လက်ထဲ ထိုးပေး။ ဘုရားမှပဲ သိမည်။



လိုချင်တာ တခု စိတ်ထဲ လျှပ်ကနဲ ပေါ်သွားသည်။ အံဆွဲ ကို ဆွဲ ဖွင့်လိုက်မိသည်။

ပြီးမှ ငါဘာလိုချင်တာပါလိမ့် ဟု ပြန်တွေးနေသည်။



ကီးဘုတ်ပေါ်သို့ လက်များ ပြေးသွားသည်။ခလုတ်များ တဖြောက်ဖြောက်မည်သွားသည်။

ပြီးမှ ငါ ဘာလုပ်မှာပါလိမ့်ဟု ပြန်တွေးနေသည်။



ဘောင်ထဲမှ သိမှု သည် ဘောင်ထဲတွင်သာ ဘောင်ဘင်ရိုက်နေသည်။

သိမှု သည် မသိမှု ဖြစ်လာသည်။ မသိမှု သည် ဘောင်ထဲတွင်သာ ပတ်နေတော့သည်။

မသိမှု ကိုယ်တိုင် သိမှု ဘောင်ထဲမှ မထွက်တော့။ ထို့ကြောင့် သိမှု ဘောင်မချဲ့နိုင်တော့။



သို့သော် မသိမှု နှင့် သိမှု ရောထွေးသွားပြီးနောက် လူသည် စံနစ်ကျသောလူဖြစ်လာသည်။

အတွေ့အကြုံ အသစ်အဆန်းမရှိ။ ငြီးငွေ့လာသည်။

ကိုယ့်တိုင်သိ မသိမှု ၊ သိမှု ၏ အပြင်ဘက်သည် မသိမှု ပဲဖြစ်မှာလည်းစိုးသည်။

ထွက်ပေါက်ရှာသည်။ ထွက်ပေါက်သည် တခု ပဲရှိသည်။

သိမှု မသိမှု တို့၏ ချုပ်ငြိမ်းရာ မရှိမှု ဖြစ်လေသည်။ ရှိမှုသည် ရုပ်ကို အခြေခံသည်။



နှလုံးအိမ်ထဲ ရေငတ်ခြင်း (ဖော်ဝေး)



လေးဖြူ ၏ အမဲလိုက်အက သီချင်းကို လူတော်တော်များများ ဘာကြောင့်နှစ်ခြိုက်ကြမှန်း

အရင်နှစ်က ကျွန်တော် မသိခဲ့ပါ။



ရှိမှု များ များလာသော အခါ သိမှု လည်းများလာတော့သည်။



လူသားတို့ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ကြသည်။

သမိုင်းကို ဘာသာတရားကို လူကို သိပ္ပံပညာကို ပျော်ရွှင်မှု အတတ်ကို အဆင်ပြေမှု အတတ်ကို သချာင်္ကို ဘာသာစကားကို ရှိလာအောင်တည်ဆောက်ခဲ့ကြသည်။



လွှမ်းမိုးမှု အပြီးတင်ကျန်ခဲ့သော နုန်းများ (ဇေယျာလင်း)



ထိုရှိမှုများထဲ လူသည် ဘုမသိဘမသိ လူဟု အမည်တပ်ခံလိုက်ကြရလေသည်။



တစ်ချပ်မှောက်ဖဲဝိုင်းမှာ လိုက်ရဲတာထက် ပြေးရဲတာ သတ္တိ(မောင်ချောနွယ်)



ကျွန်တော် ဘတ်စ်ကား စောင့်နေခြင်းဖြစ်သည်။

ဘတ်စ်မှတ်တိုင်တွင် တစ်ယောက်တည်း ထိုင်၍ ဘတ်စ်ကား စောင့်နေခြင်းဖြစ်သည်။



မနက် ၂ နာရီမှာထ ၊ မနက် ၂ နာရီမှာ မထချင်ရင် ၊ မနက် ၂ နာရီမှ ထ (အောင်ချိမ့်)



ဒီဘတ်စ်မှတ်တိုင်သည် ကျွန်တော်တို့ရုံး နားတွင်ရှိသည်။



ကျွန်တော် စောင့်နေသော ဘတ်စ် လာတာကို လှမ်းမြင်ရသည်။

ကျွန်တော် ထပြန်လာခဲ့သည်။



ထွန်းနွယ်

၁၇.၁၂.၂၀၁၀



(This essay is dedicated to my 'nwe')

No comments:

Post a Comment