အနာတရ ဖြစ်နေတဲ့ ခွေးတစ်ကောင် ကိုတွေ့ခဲ့သလို တွေ့ခဲ့ခြင်းမဟုတ်ပါ။
အကောင်းပကတိ ကျန်းမာနေတာလည်း မဟုတ်ခဲ့ပါ။
စတွေ့ တာ ဘယ်အချိန် ကမှန်းမမှတ်မိ။ မှတ်မိတဲ့အချိန်မှာ သွက်သွက်ခါအောင် ရူးနေခဲ့ပြီ ဖြစ်ခဲ့သည်လား ၊ ဖြစ်ဆဲလား။
ခု ထိ ရူးနေတုန်းလို့ ဆိုရမလို ခဏနေ ကောက် ကောင်းသွားသည်။
အများကြီး ဆက်ဆံ ခဲ့ ကြဖူးသည်။ ပူးဝင် ဆန့်ထွက် ခဲ့ဖူးသည်။
ရူးလျှင် ကောင်း၍ ၊ ကောင်းလျှင် ရူးသည်။ ဆန့်ကျင်ဖက် ဖြစ်သည်။ တစ်ဖက်တည်း ရွေးမရပါ။
ညာတယ် ။
မညာပါဘူး။
ဒီအတိုင်းအများအပြားပဲ။
အဲ ဒါဖြားယောင်းတာ။
အမှန်က အမှန် က ဒီမှာလေ။
အမြဲ ရှိနေခဲ့သည်။ ပျောက်ချင်လျှင် ပျောက်သွားသည်။ အမြဲ ရှိနေသည် ဟုထင်သည်။
တစ်ခါတလေ ရှေ့က သွားသည်။ တခါတလေ နောက်ကလိုက်သည်။
တခါတလေ ရှိမနေလောက်အောင် အမြဲ ရှိနေခဲ့သည်။
ဘာပဲပြောပြော ရူးနေတာပဲ မဟုတ်လား။
ဒါဆို ကောင်းနေလို့ပဲ နေမယ်။
ဘယ်တုန်းကမှ မညာခဲ့ရဘူးလေ။
(ဒီအပိုဒ်မှာ ဇာတ်လမ်း က ၀င်လာတယ် ညာခဲ့ရတာလား မညာခဲ့ရတာလား။) (ဘယ်တုန်းကမှ ပါတယ်) (ဘာ မညာ ရမှာတုန်း)
အဲ့ဒါ ကောင်းလာအောင်လို့။
ပြောသမျှ လိုက်ပြောနေရမှာလား။
လုပ်သမျှ လိုက်လျောနေရမှာလား။
ပျောက်သွားပြန်သည်။
ပုံပြင်သည် အတို အရှည် မညီ တစ်ပုဒ်တည်းခွဲထွက်လာသည်။
ဇာတ်လမ်းဆင် ပြောသည်။ တခွန်းဟတာနဲ့ စ လိမ်ညာနေတော့သည်။
မရှက်ဘူးလား။
မညာစရာ ဒီ မုသားပဲရှိတယ်။
ဖြားယောင်းခံရခြင်းမှာ လမ်းဆုံးရှိတယ်ဆို ရင်
လမ်းဆုံးကို ဘယ်တော့မှ ရောက်လိမ့်မယ်မဟုတ်ဘူး။
ဇာတ်လမ်းသည် သည်နေရာတွင် မိုးကြီး ၏။ လေတိုက်၏။
အဲ့ ဘောလုံး လေးကိုလေ မပစ်လိုက်ပါနဲ့ မပစ်လိုက်ပါနဲ့။ ဘုရားသခင်ရေ။
ဘာ ဘုရားသခင် မရှက်ဘူးလာ။
ရွေးစရာများထဲတွင်ရွေးစရာ ပျောက်နေသည်။
အမှောင်ထဲတွင် အမည်း ပျောက်နေသည်။
အဖြူထဲတွင် အဖြူ ပျောက်နေသည်။
အဖြူထဲ မှ အမည်းကျတော့ မည်းသည်။
ဘာဖြစ်ချင်တာလဲ။
ဖြစ်ချင်တာဖြစ်လို့ရတယ်။
သတ္တိ ရှိစရာပဲလိုတယ်။
ပြေးရဲတာထက် လိုက်ရဲတာ သတ္တိ
မငိုနဲ့နော်။
မျက်ရည်ကျမှာ။
ပြောမရဘူးလား။
နောက်မှာ ၊ ရှေ့မှာ ၊ တောင်မှာ ၊ မြောက်မှာ ၊ အထက်မှာ ၊ အောက်မှာ
နေရာတကာရှိသည်။
ပျောက်သွားပြန်သည်။
လွမ်းရပြန်သည်။
ဒီနေရာမှာ မွန်းလိုက် ဆိုနာတာ လိုလို ဖာအီလိုက်လိုလို ပီယာနိုတေးသွားဝင်လာသည်။
ဝတ်စုံ အမည်းများ ၀တ်ထားသော များ မိုးမှောင်ကြီးထဲတွင် သံပြိုင်သီဆိုကြသည်။
တမာရွက်များ ကြွေကျလာတာမြင်ရသည်။
စိမ်း ခါးဖန့်ဖန့် အရွက်ပါ။
တမာရွက် ခေါ် သကွ။
လွယ်သားပဲ။ ဒီလိုပဲ ဖြစ်ရမည်။
ဟိုမှာ မြင်လား။ ဘာပြောမလဲ။
လိမ်ညာခြင်းဟာ အပြစ်မရှိပါလို့ ဘယ်သူပြောလဲ။
အပြစ်ရှိရင် ပြစ်ဒဏ်ပေးခြင်း ရှိတာပဲလား။
ဘယ်သူပေးလဲ။ ဘယ်ကရလဲ။ ဘယ်သူစီရင်သလဲ။
ကျားနာ တစ်ကောင်လို ခဲပလိုက်သည်။ ငါးမန်းတစ်ကောင်လို ရုန်း၍ ခဲလိုက်သည်။
မိကျောင်းတစ်ကောင်လို ရေနက်ထဲ ဆွဲနှစ်လိုက်သည်။
ထို အပြုံးကို ယုံကြည်လိုက်ပါ။ အနာဂတ် ကို အပြုံး ထဲ ထည့်၍ လိမ်ညာကြည့်သည်။
နေသာသားပဲ။ ပြစ်ဒဏ်ပေးခံရမယ်။ ဘယ်သူပေးမတဲ့တုန်း။
စတွေ့ စက မရူးပါ။ ဘာသာ စကား ဘယ်သူပေးသတဲ့တုံး ဘယ်တုန်းက။
အသံ ကင်းမဲ့စွာ အော်ငေါက်ပလိုက်သည်။
လေဟာနယ် ထဲ ပြေးဝင်သွားသည်။
မောနင်း ဟု မောနင်း ဟု မောနင်း ဟု သတိရပါတယ်ဟု သတိရလိုက်တာဟု
မောနေပြီ ပျင်းနေရင်။
လူဆိုတာ။
မင်း လူမှ မဟုတ်ဘဲ။ ဒါဆို အတောင်ပံများ ဖြန့်ထုတ်လိုက်သည်။
ညာဘက်ကြွက်သားများကို အားကုန်လှုပ်ကြည့်လိုက်မိသည်။ အနီးနားရှိ သစ်ရွက်များတစ်ချို့ လှုပ်ခတ်သွားသည်။
ညာရော ဘယ်ရောလှုပ်ကြည့်သည်။ ပေါ့ပါးသလိုလို စတင်ခံစားရတော့သည်။
ခြေပိုင်းကို အားစိုက်၍ ကန်ထုတ်လိုက်သည်။
ဂလောက်ကနဲ အသံတစ်ခုမြည်သွားသည်။
ုထိုမှ သည်သို သည်မှ ထိုသို့ စည်းချက်များ စည်းကပ်သွားသည်။
အသံသည်ငြိမ်ကျလာသည်။
စက်ရုပ်ပဲ။ ဘာတဲ့။
ဘာသာစကားနဲ့ပဲ သိတဲ့ သိမှု နဲ့သာ လူဖြစ်မြောက်သည်။
စတွေ့စကတည်းက အကောင်းပကတိမဟုတ်ခဲ့ပါ။
ဟု စဆုံးက ဟာကို သိသလို လိမ်လိုက်သည်။
နာစူးနေသော ဘယ်ဖက်တောင်ပံကို စမ်းကြည့်လိုက်မိသည်။
လေဟာနယ်ထဲ ပြေးသွားမိသည်။
လွင့်ထွက်သွားသည်။
တကယ် ပျံနိုင်သည်ပဲ။
ခ
ဏ
.
..
...
မရူးတော့ပါ။ မသိတော့ပါ။ ဟု သိချင်ယောင်ဆောင်လိုက်သည်။
ဒီ ဇာတ်လမ်းဆင်ရေးသားခြင်း ၊ လိမ်ညာခြင်း ပြီးသွားပြီ ဟု
တဆိတ် ထင်လိုက်မိသည်။ နေသာထိုင်သာရှိလာသည်။
ဒီ ဇာတ်လမ်းကို ဒီမှာ သိမ်းလိုက်သည်။
ထွန်းနွယ်
(၁၉.၁၂.၁၀)
Popular Posts
-
သတင်း တစ်ခု တင်ပို့ လိုက်သလို ဈေးကွက်ဝင်ပြီး အသင့် စားသုံးနိုင်/မနိုင် အခံသား ကွာတာနဲ့အမျှ အရသာက တစ်မျိုးစီ ဒီမိုကရေစီ ဆိုတော့လဲ ကဲသာ...
-
အောက်စီဂျင် ၊ ရေ ၊ အစားအစာ လူဖြစ်မှု ဆက်တည်ရေး ဒါတွေအပြင် ကဗျာ၊ အရက် ယမကာနဲ့ မာရီယာ နိုင်ငံရေး ၊ စစ်ရေး ၊ ကမ္ဘာ့အရေး မန်ယူပွဲ ...
-
လူ လို့ စပြောလိုက်ရင် နာမည် ဆိုတာ နဲ့ စ တပ်ရတော့တာပဲဗျ။ အဖေပေးတဲ့နာမည် ၊ ဟော နာမည် မသိတဲ့လူ ဆိုရင်တောင် ကိုယ့်ဘာသာ စိတ်ထဲမှာ နာမည် ကောက်တပ်ြ...
-
ကလေးငယ် ချစ်စဖွယ်" သင်ချိန်ကစလို့ ယခုအချိန်အထိ မြန်မာစာ အကြောင်း ကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ စေ့စေ့ မတွေးခဲ့ဖူးပါ။ တွေးလိုက်မိပြန်ေ...
-
ဟိုနေ့က ဟီရာအက်ချီ ပြောမယ်ဆိုတာက နေ ဒီရောက်သွားပါတယ် ဒီ အကို နဲ့ ဟိုဟို ဒီဒီ ပါ ဒီဒီ ဟိုဟိုလည်း ဖြစ်မှာပေါ့ ဖတ်လိုက်ပါအုံး ဖောထားတာ တွေပါ မ...
-
ဂျူး ဆိုတာ ကျွန်တော်တို့ တန်း မှာ လုံးဝ မသိမဖြစ် တဲ့ စာရေးဆရာမ တစ်ပါး ကဲ သူ့အကြောင်းလေး ကို စပ်မိစပ်ရာ လေပစ်ခဲ့ကြပုံ က me:ခင်ဗျား က ဂျူးေ...
-
* နန္ဒ မင်းခေါင် ဒါတွေ အားလုံး စု ကဗျာတစ်ပုဒ် လုပ်လိုက်တယ် ဖတ်ပါအုံး စိတ်မပျက်စတမ်း။ 2 seconds ago · Friends...
-
တော်ဖလာ က ပြောတာကြားဖူးတယ်။ ယဉ်ကျေးမှု ရှိတဲ့ လူစင်စစ်သာလျှင် အနုပညာကို ခံစားတတ်တယ်။ ဒါ့အပြင် လုံလောက်တဲ့ စားဝတ်နေရေး ၊ လုံလောက်တဲ့ နားနားနေေ...
-
မြန်မာ ပြည် ရွေးကောက်ပွဲ ကြီးလည်း ပြီးသွားပြီ။ ဒေါ် စုလည်းလွတ်လာပြီ။ အော်တဲ့လူလည်းအော်တယ်။ ဆဲတဲ့လူလည်း ဆဲတယ်။ မြိုင်ဆိုင်ပါ့ဗျာ။ မထောက်ခံတဲ့လ...
-
ဒီနေ့ က ရောက်တာ ၃ ရက်မြောက်နေ့။ သူငယ်ချင်းတစ်ယောက် အင်တာဗျူးရှိတယ်။ သူ့သတင်း မျှော်နေတာ။ အပြန် ၀င်လာခဲ့မယ်တဲ့။ ကိုယ်ကတော့ သတင်းစာတွေကြား ခေ...
Showing posts with label စကားပြေ. Show all posts

Sunday, December 19, 2010
Friday, December 17, 2010
ဘတ်စ်ကား စောင့်ခြင်း
ဒီနေ့လည်း ခါတိုင်းလိုပဲ မှတ်တိုင်မှာ ထိုင်ပြီး ဘတ်စ် စောင့်ဖြစ်သည်။
ကားတစ်စီးပဲ ပြေးသော လမ်းပေါ်မှ မှတ်တိုင်ဖြစ်သည်။
ဆိုင်ကယ်တစ်စီး လီဗာ ဆွဲ၍ လမ်းပေါ် ဖြတ်မောင်းသွားသည်။ ကျွန်တော် ဆဲ ပလိုက်သည်။
မှတ်တိုင်မှာ တစ်ယောက်တည်းဆိုတော့ ကိစ္စမရှိ။ ဘယ်သူမှ မကြား။ ရှိလည်း နားလည်မည်မဟုတ်။
ဥသြ ငှက် ကို သတိရခြင်း နိမိတ်ပုံလို သုံးကြသည်။ သတိရတယ် ဆိုတာ ပြောတော့သာ ပေါ့ပေါ့လေး ပြောထွက်သည်။
သတိရခြင်းကို တကယ်တွေးလိုက်တိုင်း မျက်ရည်များဝေ့တတ်လာတတ်သည်။
အသက်ရှည်ဆုံး ဆဲလ်မှာ ဦးဏှောက်ဆဲလ် ဟုဖတ်ဖူးသည်။ တစ်သက်လုံး သေမသွားတတ်ဟုဆိုသည်။
မနက်မိုးလင်းတိုင်း သင်္ဘောကျင်းကြီးများရှေ့ ပလက်ဖောင်းများတွင် စီတန်းအိပ်နေသော အလုပ်သမားများ။
လူသား၏ စိတ်ကူးကွန့်မြူးမှုကို ကန့်သတ်လိုက်သော ကျမ်းစာအုပ်များ။
ကျွန်တော်တို့ ကမ္ဘာကြီးတွင် သူရဲဘောကြောင်သူများလည်း နေထိုင်ကြ၍ သူရသတ္တိ ပြည်စုံသူများလည်းနေထိုင်ကြသည်။
မာသာထရီစာလို အကြင်နာ ကြီးသူများ ပေါ်ပေါက်ခဲ့ကြသလို စစ်များလည်း ဖြစ်ခဲ့ကြဖူးသည်း
ဘာသာတရား များ ကွဲပြား၍ ဘာသာစကားများလည်း ပေါများလှသည်။
တီထွင်မှုများ အံ့မခန်း ဖြင့် လူတို့ နေထိုင်ရာ ဘောင်(၀ါ)ထောင် ကြီးကို တပ်မက်ဖွယ်ရာ ဆောက်တည်ခဲ့ကြသည်။
အီဂျစ်တွင် ပိရမစ်များ ယုံကြည်မှု ချွေးစက်များ ၊ သွေးများ ၊ လူ ဟု သတ်မှတ်ဖွယ်ရာများ။
အိန္ဒိယ တွင် တခ်ျမဟာ ၊ မေတ္တာ ၊ အလွမ်း ၊ အနမ်း။
အီတလီ တွင် အံ့မခန်း ပွဲကြည့်စင် ၊ ရဲရင့်မှု ၊ ဖျော်ဖြေမှု ၊ လူ ဆိုသည်မှာ
တို့ကို အံ့မခန်း တည်ဆောက်ခဲ့ကြပြန်သည်။
ဝေးလွင့်သွားသော နေ့ရက်များ မှ အမှတ်ရမှု တို့ကို တူးဖော်ကြည့်ခြင်းဖြင့် နေသာဖွယ်ရာများ တွေ့ရှိတတ်လာကြသည်။
မနက်မိုးလင်း သည်နှင့် ဟယ်လို ဟု နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် တစ်ဦးနှင့်တစ်ဦး အရိုအသေ ပေး၍ စတင် တိုက်ခိုက်ကြလေတော့သည်။
အားကစား စိတ်ဓါတ်အပြည့်ဖြင့် တိုက်ခိုက်ကြသည်။ အနိုင်မခံ အရှုံးမပေး တိုက်ခိုက်ကြသည်။
ဟိုလီဖီး ၏ နားရွက်ပြတ်ထဲမှ ဘုရားသခင် ၏ ကောင်းချီးပေးမှု ကို လှပစွာ ငိုမိ ခဲ့ကြဖူးသည်။
ဖြစ်နိုင်သလိုလို အိပ်မက်တွေရှိသည်။ မဖြစ်နိုင်သော လမ်းတွေပေါ် ရောက်နေတတ်ကြသည်။
တွေ့သမျှ နံရံ ပြေးဝင်ဆောင့်ကြသည်။
မာတယ်ဟုထင်နေရုံသာ။ တကယ်မာတယ် မမာဘူး ဆိုတာ ဘုရားသခင်မှပဲ သိမည်။
သွေးခြင်းခြင်း နီနေသော အောက်တိုဘာ လ ၏ တစ်ခုသောနေ့ရက်တွင် အလံကို ဝှေ့ယမ်း၍ လွတ်လပ်ခြင်း ဟု အမည်တပ်
အောင်ပွဲ ခံခဲ့ကြဖူးပြီ။
စက်သွား များ ထဲ တွင် ပြေးဝင်အိပ်စက် လည်ပတ် ၊ အပေးနဲ့ အယူ
ထိုးပေး ၊ ထိုးပေး ၊ မင့် ခေါင်းကိုဘုရားသခင် လက်ထဲ ထိုးပေး။ ဘုရားမှပဲ သိမည်။
လိုချင်တာ တခု စိတ်ထဲ လျှပ်ကနဲ ပေါ်သွားသည်။ အံဆွဲ ကို ဆွဲ ဖွင့်လိုက်မိသည်။
ပြီးမှ ငါဘာလိုချင်တာပါလိမ့် ဟု ပြန်တွေးနေသည်။
ကီးဘုတ်ပေါ်သို့ လက်များ ပြေးသွားသည်။ခလုတ်များ တဖြောက်ဖြောက်မည်သွားသည်။
ပြီးမှ ငါ ဘာလုပ်မှာပါလိမ့်ဟု ပြန်တွေးနေသည်။
ဘောင်ထဲမှ သိမှု သည် ဘောင်ထဲတွင်သာ ဘောင်ဘင်ရိုက်နေသည်။
သိမှု သည် မသိမှု ဖြစ်လာသည်။ မသိမှု သည် ဘောင်ထဲတွင်သာ ပတ်နေတော့သည်။
မသိမှု ကိုယ်တိုင် သိမှု ဘောင်ထဲမှ မထွက်တော့။ ထို့ကြောင့် သိမှု ဘောင်မချဲ့နိုင်တော့။
သို့သော် မသိမှု နှင့် သိမှု ရောထွေးသွားပြီးနောက် လူသည် စံနစ်ကျသောလူဖြစ်လာသည်။
အတွေ့အကြုံ အသစ်အဆန်းမရှိ။ ငြီးငွေ့လာသည်။
ကိုယ့်တိုင်သိ မသိမှု ၊ သိမှု ၏ အပြင်ဘက်သည် မသိမှု ပဲဖြစ်မှာလည်းစိုးသည်။
ထွက်ပေါက်ရှာသည်။ ထွက်ပေါက်သည် တခု ပဲရှိသည်။
သိမှု မသိမှု တို့၏ ချုပ်ငြိမ်းရာ မရှိမှု ဖြစ်လေသည်။ ရှိမှုသည် ရုပ်ကို အခြေခံသည်။
နှလုံးအိမ်ထဲ ရေငတ်ခြင်း (ဖော်ဝေး)
လေးဖြူ ၏ အမဲလိုက်အက သီချင်းကို လူတော်တော်များများ ဘာကြောင့်နှစ်ခြိုက်ကြမှန်း
အရင်နှစ်က ကျွန်တော် မသိခဲ့ပါ။
ရှိမှု များ များလာသော အခါ သိမှု လည်းများလာတော့သည်။
လူသားတို့ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ကြသည်။
သမိုင်းကို ဘာသာတရားကို လူကို သိပ္ပံပညာကို ပျော်ရွှင်မှု အတတ်ကို အဆင်ပြေမှု အတတ်ကို သချာင်္ကို ဘာသာစကားကို ရှိလာအောင်တည်ဆောက်ခဲ့ကြသည်။
လွှမ်းမိုးမှု အပြီးတင်ကျန်ခဲ့သော နုန်းများ (ဇေယျာလင်း)
ထိုရှိမှုများထဲ လူသည် ဘုမသိဘမသိ လူဟု အမည်တပ်ခံလိုက်ကြရလေသည်။
တစ်ချပ်မှောက်ဖဲဝိုင်းမှာ လိုက်ရဲတာထက် ပြေးရဲတာ သတ္တိ(မောင်ချောနွယ်)
ကျွန်တော် ဘတ်စ်ကား စောင့်နေခြင်းဖြစ်သည်။
ဘတ်စ်မှတ်တိုင်တွင် တစ်ယောက်တည်း ထိုင်၍ ဘတ်စ်ကား စောင့်နေခြင်းဖြစ်သည်။
မနက် ၂ နာရီမှာထ ၊ မနက် ၂ နာရီမှာ မထချင်ရင် ၊ မနက် ၂ နာရီမှ ထ (အောင်ချိမ့်)
ဒီဘတ်စ်မှတ်တိုင်သည် ကျွန်တော်တို့ရုံး နားတွင်ရှိသည်။
ကျွန်တော် စောင့်နေသော ဘတ်စ် လာတာကို လှမ်းမြင်ရသည်။
ကျွန်တော် ထပြန်လာခဲ့သည်။
ထွန်းနွယ်
၁၇.၁၂.၂၀၁၀
(This essay is dedicated to my 'nwe')

Monday, October 4, 2010
ဘာမှ မပျောက် သွားတဲ့နေ့က
ဝင်ကစွပ်ရယ် ၊
ပိုးတုံးလုံးကောင်ရယ် ၊
မြွေရယ် ၊
လိပ်ပြာရယ် ၊
ပုစဉ်းရယ် ၊
ဖားရယ် ၊
နောက် ကျွန်တော်ရယ် ၊ လူလင်းရယ် ၊ ကိုပြေစိုးကျော်ရယ်။
လပ်ကီးဆဲဗင်း ၊ ၀င်း ၊ ၀ူဒီဟောက်စ်
လူလင်း က ဒီနေရာတွေကို က မထွက်တတ်ဘူး။
ကိုပြေစိုးကျော် တစ်ခါတစ်လေ ရောက်လာတတ်တယ်။
ကျွန်တော် လျှောက်သွားနေတတ်တယ်။
နောက်နေ့ကျ ခေါင်းထဲရောက်လာတာ ၂၀ ရာစု ရဲ့ ရေပန်း
အဲ့နေ့ကျတော့ စဉ်းစားမိနေတာ အမေ နေမကောင်းဘူး ဆိုတဲ့အကြောင်း။
ပုရိတ်ကြီး ၁၁ သုတ်ကလည်း ပါသေးတယ်။ ပဲခူးမှာ လူနှစ်ယောက်သေတဲ့ ကိစ္စ ၊ သေပေါ့၊ ဘာပဲဖြစ်ဖြစ် သေကြမှာမလား။
အစိုးရ ချင်ကြတဲ့လူတွေအကြောင်းကလည်း ခေါင်းထဲ ၀င်ဝင်နေသေးတယ်။ SAVED FROM WHAT?။
ကမ္ဘာကြီး ပူနွေးလာတာ။ ဟိုနေရာ ဒီနေရာ ရေကြီးနေ တာတွေ။
ငယ်ငယ်တုန်းက ပုရွက်ဆိတ်တွင်း ရေသွားလောင်းတာ ကိုသွားသတိရနေတယ်။
မျှော်လင့်ချက် နဲ့ သံသယ ဘယ်တုန်းက ကင်းဖူးလို့လဲ ဆိုတဲ့ ကဗျာ အစကို ပဲ သွားသွားရွတ်မိနေတယ်။
အဖန်တလဲလဲ တည်ဆောက် ဆောက်တည် ရာမရဖြစ်နေတာတွေ။
ဒီအတွက် ဘာသာတရား ဆိုတာ လိုအပ်တယ်။
ထုတ်ချင်းပေါက်ထားတဲ့ ဒဏ်ရာက သွေးမတိတ်သေးဘူး။
မွေးကတည်းက ပါလာတဲ့ ဒဏ်ရာ။ ဒါဟာ သင်္ကေတ ၀ါ ဒလား။
မသိစိတ်ထဲမှာ အသိစိတ်ဟာ လွင့်ပါလာတယ်။ သိစိတ်ထဲမှာ မသိစိတ်က စင်းစင်းကြီး။
ဟိုလူပြော ဒီလူပြောတွေ လိုက်လက်မထောင်နေရတာ။ ထောင်နေမိတာ။ လက်ခံနေတာ။
၂ယောက် ယှဉ်ထိုင်ပြီး ဖေ့ဘုတ် သုံးနေကြတဲ့ ချစ်သူ စုံတွဲ တစ်တွဲ။
အော်သံ နက်နက်(အမည်းမဟုတ်ပါ) ကြီး ကြားလိုက်ရသလိုပဲ။
မဟုတ်ဘူး အော်သံ ဖြူဖြူ တွေ နေရာတိုင်းမှာ ပြည့်နေတယ်။ ကြားရလား။ဟင့်အင် ကြားရတယ်။
နေ၀င်မီးပိတ် ပုရွက်ဆိတ်များ (အရိုး)
ချစ်ဖို့ ကောင်းလိုက်တဲ့ ၊ တွယ်ငြိဖို့ကောင်းလိုက်တဲ့ လူ့ဘ၀။
ပေါင်တံဆယ်စွယ်ရောင် လေးတွေဆီမှာပဲ လွတ်လပ်မှုဟာ ပျက်ကျနေရတယ်။
သိုးကျောင်းသား မဖြစ်ချင်ဘူးလား။
စိတ်လိုရာ မဖြစ်မှ ဖြစ်မယ်။ နို့မို့ လောကကြီး မချောင်ဘူး။
ကိုယ့်ကိုကိုယ် မာသာ ထရီဇာ ဂိုက်ဖမ်းလို့။ ဂန္ဒီ ပုံစံနဲ့။ ၀ါရှင်တန်လိုလို။
တကယ့် လူသား ရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး အစွန်းရောက်သွားတဲ့အခါ..............
အရူး (လို့သတ်မှတ်ထားသူ) ထောင် ထဲထည့်ပလိုက်တယ်။ ဟင့် အင် ငါမရူးသေးဘူး။
အဲဒီမှာ မြန်မာစကားပုံလှလှ ဘယ်အရူးမှ ရူးတယ်လို့မပြောဘူး။
ဟုတ်ကဲ့။ ဒါနဲ့ပဲ ကျွန်တော် ရူးခဲ့ရပါတယ်။
ဟုတ်ကဲ့။ လောကကြီး ဒါနဲ့ပဲ ကျွန်တော် ရူးခဲ့ရပါတယ်။
မင်း ဒီစည်း မကျော်နဲ့။ ကျောင်ရင် ဖောင်းတယ်။ ထမင်းရည်စည်း။
လောကကြီးက ထမင်းရည်စည်း။
မကုန်နိုင်မခန်းနိုင်တဲ့ တက္ကသိုလ်ကြီး။
ဒီကနေ သညာ ယူပါလေ။ ပညာ နဲ့ သညာ။ ကြားထဲမှာနေပါလေ။
အလယ်အလတ်သည် အကောင်းဆုံး။
ဟင် ဘာလို့လဲ။ လှေကားထစ် တွေ ကျော်နင်းရင် ပြုတ်ကျတတ်တယ်။
ပြုတ်ကျချင်လို့ ကျော်နင်းရင်ရော။ ကျော်နင်းချင်လို့ ပြုတ်ကျရင်ရော။
ဟာ ဗျာ မနင်းတော့ဘူး။
ဒါဆို မင်းကို ပြန်ပို့မှာနော်။
ဒီလို ဒီလို။ ဒါလို ဒါလို။ အခြေအနေ အခြေအနေ။ အချိန်အခါ အချိန်အခါ။
နို့ အဲဒါ က ဘယ်တော့လာမှာလဲဟင်။
လာချိန်တန်လာမယ်။ လာချင်မှလည်းလာမယ်။ ဂိုဒေါ့ကို စောင့်စားခြင်း။
သွားစို့။ (ဘယ်သူမှနေရာမရွေ့ကြဘူး)
ဒုက္ခ ကို သိရမယ်။ ဒုက္ခ လွတ်မြောက်ရာ သိရမယ်။ ဒုက္ခဘယ်လိုဖြစ်လဲဆိုတာ သိရမယ်။ ဒုက္ခ ကိုဘယ်လိုဖြတ်မလဲဆိုတာသိရမယ်။
ဟင်...............အကုန် သိကုန်လို့ မဖြစ်သေးဘူး။
အကုန် ကျင့်ကုန်လို့မဖြစ်သေးပါဘူး။
အကုန် ပြတ်ကုန်လို့ မဖြစ်သေးပါဘူး။
အဲ့ဒါပြောတာပေါ့ ကမ္ဘာကြီး ကိုယ့်ဟာကိုယ်နေရပါတယ်ဆို။
မင်းတောင်းဆို စရာမလိုဘူး။ မင်းတောင်းဆိုလိမ့်မယ်။
မင်းဆုတောင်းစရာမလိုဘူး။ မင်း ရလိမ့်မယ်။
မင်းမျှော်ရမှာ မဟုတ်ဘူး။ မင်း မျှော်လိမ့်မယ်။
မင်းပျော်ရမှာမဟုတ်ဘူး။ မင်းပျော်လိမ့်မယ်။
မင်းပျင်းရမှာမဟုတ်ဘူး။ မင်းပျင်းလိမ့်မယ်။
ကျွန်တော် အသက်ရှင် ရပါအုံးမည်။
သိပ်တော့မရေရာပါ။ မရေရာတဲ့အတွက်ကို ကျွန်တော် အသက်ရှင်ရပါအုံးမည်။
သို့မဟုတ် အသက် အတွက်ကို ကျွန်တော် အသက်ရှင်ရပါအုံးမည်။
သို့မဟုတ် သို့မဟုတ် သို့မဟုတ် အတွက် ကျွန်တော် အသက်ရှင်ရပါအုံးမည်။
မသိပါ။ မသိပါ။မသိပါ။ မ သိ ပါ။
ကိုယ့်ဘာသာ သတ်သေတဲ့လူတွေ အကြောင်းကြားတိုင်း အားတက်မိသည်။
ဘာလို့လဲမသိပါ။ ဘာလို့လဲမသိပါ။ ဘာ လို့ လဲ မ သိ ပါ။
ထိုနေ့ က မိုးမရွာပါ။ နေသာမသာ လည်းမသိပါ။ အင်း မိုးရွာချင်လည်းရွာနေမှာပေါ့။
နေသာချင်လည်း သာနေမှာပေါ့။
ထိုနေ့ ကတော့ သေချာပါသည်။ ဟုတ်ပါသည်။ ထိုနေ့။
ထိုနေ့က ပျောက်မသွားခဲ့ပါ။
နွယ် ပျောက်မသွားခဲ့ပါ။
လူလင်းပျောက်မသွားခဲ့ပါ။
ကိုပြေစိုးကျော် ပျောက်မသွားခဲ့ပါ။
ကိုသီဟသူ ပျောက်မသွားခဲ့ပါ။
မိသားစု ပျောက်မသွားခဲ့ပါ။
သူငယ်ချင်းများ ပျောက်မသွားခဲ့ပါ။
ဖားများလည်း ပျောက်မသွားခဲ့ပါ။
ဝင်ကစွပ်ကောင်များလည်း ပျောက်မသွားခဲ့ပါ။
ပုစဉ်းများလည်း ပျောက်မသွားခဲ့ပါ။
မြွေများလည်း ပျောက်မသွားခဲ့ပါ။
ဝံပုလွေများလည်း ပျောက်မသွားခဲ့ပါ။
အစိုးရ ချင်သူများလည်း ပျောက်မသွားခဲ့ပါ။
သီချင်းဆိုချင်သူများလည်း ပျောက်မသွားခဲ့ပါ။
သမိုင်းလည်း ပျောက်မသွားခဲ့ပါ။
အရူးမျာလည်း ပျောက်မသွားခဲ့ပါ။
သေသွားသူများလည်း ပျောက်မသွားခဲ့ပါ။
ထို့အတူ ကျွန်တော်လည်း ပျောက်မသွားခဲ့ပါ။
ထို့ကြောင့် ကျွန်တော် ဒီ စာပုဒ်ကို ရေးဖြစ်ခြင်း ဖြစ်ပေလိ့မ်မည်။
ဟုတ်သည် ကျွန်တော် ပျောက်မသွားခဲ့ပါ။
ဟုတ်သည်ဟုထင်သည်။ထိုနေ့က ကျွန်တော် ပျောက်မသွားခဲ့ပါ။ ။

တံငါရွာမှာ
ငါ့ကိုယ်ငါ တိုင်တည်တယ်။
လူသားတိုင်း စီမှာ ဖွင့်မထုတ် ပြတဲ့ ၀မ်းနည်းမှုတွေ၊ သစ္စာမဲ့လိုမှုတွေ၊ အရိုင်းဆန်ဆန် စိတ်ထားတွေ ...
ငါတို့ ဘာလို့ ဖုံးအုပ်ထားရမှာလဲ။
ငါ့အတွက်တော့ ငါဆိုတာ ဟာ ကြာလေ စိတ်ပျက်ဖို့ကောင်းလာလေပဲ။
ယဉ်ကျေးချင်တဲ့ လူတစ်ယောက်အတွက် လူဖြစ်ရခြင်းဟာ .....သေသွားတာ မှ ပိုကောင်းသေး။
မွေးလာ တာကိုက ငါတို့မှားယွင်းခဲ့ပါတယ်။
ဘာလို့များ အဲဒီ လူရိုင်းသွေးတွေနဲ့ လူယဉ်ကျေးဆန်ချင်တဲ့ အသားတွေ ငါတို့ ကိုယ်ထဲ ရောက်နေခဲ့ပါလိမ့်။
စိတ်ပျက်လိုက်တာ။
လူက လူပဲပေါ့။ အရှိအတိုင်း ဖွင့် ပြလိုက်စမ်းပါ။ အဲ့ဒီ လောကကြီးကို ငါမုန်းနေပြီ။
လူဖြစ်ရခြင်းမှာ ကျေနပ်ဖွယ် ရှိတာ ကဗျာရယ် ချစ်ခြင်းတရားရယ်ပဲ။
ငါတို့ ဒါတွေအတွက် လူဖြစ်လာရခြင်းလား။ လူဖြစ်လာလို့ ဒါတွေ ရှိလာရခြင်းလား။
ဖောက်ပြားချင်တဲ့ စိတ်တွေ ကို စည်းခတ် လူ တဲ့။
ထကြွ သောင်းကျန်းတဲ့ အလိုဆန္ဒ တွေကို စည်းခတ် အဲ့ဒါ လူ တဲ့။
ဘုရား က တခြား ကိုးကွယ်ရာ မရှိပါဘုရား အဲဒါ လူ တဲ့။
အရှင်မြတ်ဘုရား လူတွေကို ငြိမ်းချမ်းအောင် ဘာသာတရား တည်ထောင် ပေးခဲ့တာကိုက
လူတွေမှာ ပိုယောက်ယက်ခတ် ကုန်ရတာပါပဲ ဘုရား။
ကို ချော ဆိုတဲ့ လူ ကဗျာ ရယ် အချစ် ရယ် အတွက် လူလုပ်သွားတာ ငါ ပြစ်တင်ခဲ့ဖူးတယ်။
ခုတော့ ပိုလို့တောင် ငါသူ့ကို နားလည်သွားခဲ့ပြီ။
မာယာ ပါ ဘုရား။ မာယာ ပါ။ လောကကြီးမှာ ကျွန်တော်တို့ ယဉ်ကျေးအောင် အဲ့ ဒီ မာယာပဲ သွေးဆောင်ခဲ့တယ်။
ခု လည်း အဲဒီ မာယာပါ ပဲ ဘုရား။
လူပဲ ၀မ်းနည်းတတ်တယ်။ ခု တော့ ငါ မသိရဘူးတဲ့လား။ ငါ့ မေ မေ အပြင်းအထန် အသည်းအသန် နေမကောင်းတာ
ငါ မသိရဘူးတဲ့လား။ သားလေး စိတ်ပူ နေမှာ စိုးလို့ လိမ်ပြောခဲ့တာတဲ့။ အဲလိုပါ ဘုရား။ ချစ်ခြင်း ဆိုတဲ့ အရာ ကလည်း
မာယာ ပါပဲ ဘုရား။ ကိုယ့်အမေ နေမကောင်းတဲ့ အတွက် ပူပန်ပေးရမယ့် ချစ်ခြင်း တရားတောင် မရှိရဘူးတဲ့လား။
သားလေး အလုပ် လုပ် နေလို့။ ဟုတ်ကဲ့ ပရိတ်သတ်ကြီးခများ အစာအိမ်ဟာ ပိုလို့အရေးကြီးပါတယ်တဲ့ လား။
အဲလို လူတိုင်း ဆည်းကပ်တဲ့ ချစ်ခြင်း ကိုယ်တိုင် ကလည်း မာယာ နဲ့ပါ ဘုရား။
ကျေးဇူး ပြုပြီး။ ဘုရားသခင်။ တိရစ္ဆာန်တစ်ကောင်၏ စိတ်ကို ပေးသနားတော်မူပါ။
ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ လူတွေရဲ့ အလို ကို လိုက်လျောပေးပါ။
ဒါမှမဟုတ် တကယ်ကြင်နာတတ်ရင် မကြင်နာပါတော့နဲ့။ လူသားတွေဟာ ဘုရားသခင် အကြင်နာနဲ့ တန်တာ မဟုတ်ပါဘူး။
သူတို့ဟာ ဘုရားသခင် ရဲ့ ကြင်နာမှု ပျောက်သွားမှ ပို နေသာထိုင်သာ ရှိပါလိ့မ်မယ်။ အာ မင်။
လူသားတွေရဲ့ အရိုင်းသွေးတွေ ဖောက်ထုတ်ရာ ပွဲတော်တွေ များများ လုပ်ရမယ်။ အရက်သောက်တယ် ဆိုတာ လူသား ရဲ့ လွတ်လပ်ခွင့် ကို
ခွင့်ပြုပေးတာပဲ။ ကြည့်လေ ပွဲတော်တွေမှာ လူတွေ ပြုမူလှုပ်ရှားပုံတွေ။ အဲဒါ မှ တပည့်တော်တို့ လူသားတွေက အရသာ ရှိပြန်ပါသတဲ့။
ပျော်ပါသတဲ့ ဘုရား။ သင်္ကြန် တောင်ပြုံး ဒစ်စကို အရက်ဝိုင်း ၀ူဒီဟောက်ဒ် ၀င်း။
ချိုင်ကော စကီး ဟာ ကိုယ့် ကိုကိုယ် သတ်သေသွားခဲ့တယ်။ မြို့မငြိမ်း ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်။ ဗီသိုဗင်ဟာ အရက်နဲ့ တစ်ဘ၀လုံး။
သင်းတို့ ယဉ်ကျေးချင်တာကိုး။ လူသား အဖြစ်ကို အခါခါ ငြင်းဆန်ကြည့်လို့ မရတဲ့အဆုံးမှာ အဆုံးစွန် ကို ခရီးသွားခဲ့ကြတယ်။
ကက်ကိုဘိန်း နောက်ဆုံး ရေးခဲ့တဲ့စကား ခင်ဗျားတို့အားလုံးကို မလိမ်ချင်ကြတော့လို့ပါ ဆိုတာ။
အဲလိုနဲ့ ဆယ်ဗီယာ ပလပ်ဟာ။ ဒါဇိုင်းဟာ နှစ် ကြိမ်မြောက်မှာ။ ဟဲမင်းဝေးဟာ။
ဒါပေမဲ့ ရုန်းရတာပါပဲ။ ဘာသာစကား ရှိတော့ ဆင်ခြေ ပေးလို့ကောင်းတာပေါ့။ နာမည်ကြီး တွေကျန်ခဲ့တော့ အောင်မြင်ခဲ့ပါတယ်တဲ့။
ဒါကိုမှ လူတွေက အားကျ ချင်ပြန်ပါသတဲ့ ဘုရား။ အမှန်ကတော့ မျောက်စိတ်ပေါ့ ပြည့်စုံရာ။ မျောက်တွေ တစ်ကောင် အပင်ထိပ်ရောက်သွားရင်
အကုန်လိုက်တက် ကုန်ချင်ကြတာပဲ။ အပင်အောက်ရောက်သွားတော့လည်း သူ့ထက် ငါ ဦးအောင်။ လူသား ပါ ဘုရား လူသားပါ။
လူတစ်ယောက်မှာ ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို ချစ်ခွင့် ကတော့ ရှိသင့်တယ်ထင်ပါတယ်။ အဲဒီ အောင်မြင်မှု အဲဒီချစ်ခြင်း အဲဒါတွေနဲ့ပဲ ကျွန်တော်ချစ်ခွင့်
ဆုံးရှုံးခဲ့ရပြန်ပါတယ်။ လောကမှာ တစ်ယောက် ကို တစ်ယောက် အဲလိုဆုံး ရှုံးခွင့် တွေ ချစ်ခြင်း အပြည့်နဲ့ ပေးအပ်ခဲ့ကြတာတွေ ဘယ်လောက်တောင်များခဲ့လဲ ကွယ်။
ကျွန်တော် ရဲ့ အတ္တ ကျွန်တော့် ပျော်ရွှင်မှုအတွက် နဲ့ .........................................................
မွန့်ခ်ျ ရဲ့ အော်သံနက်ကြီး အလန်ဂျင်းဘတ်စ်ရဲ့ အော်သံတွေ .... နေရာအနှံ့အပြား ကအော်သံတွေ... ကျွန်တော် ကြားနေရတယ်။
လူသားတိုင်းမှာ အော်သံတွေရှိတယ်။ အဲလို အော်နေရတဲ့အချိန်မှာပဲ လူသားဟာ လူသား အဖြစ်က ကင်းလွတ်ခွင့် ရရှိသွားတယ်။
လူသား ဘ ၀ က ခ ဏ တာ ကျွတ် လွတ် သွား တယ်။ ဒါမှ မဟုတ် အဆုံး စွန် မဖြစ်နိုင်သော လွတ်လပ်ခြင်း။ ဒါက ပထမဟာထက် ပို အန္တရာယ် များတယ်။
အခန့်မသင့်ရင် ကိုယ့်ကိုကိုယ် သတ်သေသွားနိုင်တယ်။ တကယ့် လူသား ဘ၀ ပြန်ရောက်လာတဲ့အခါမှာ။ အော်သံကတော့ အားအင်ကိုပေးတယ်။
လူသားအဖြစ် နောက် ထပ် တောင့် ခံ နိုင် သော စွမ်းရည်။
ဆရာ ဆရာ့ ကြီးတွေပြောခဲ့တာ မှားတယ်။ လူသားဟာ လွတ်လပ်ခြင်းကို မြတ်နိုးတယ်ဆိုတာ။
အမှန်က ရိုင်းစိုင်းယုတ်မာခြင်းနဲ့ စိတ်ကူးယဉ်ဆန်ခြင်းဟာ လူသား လို့ သတ်မှတ်နိုင်ခြင်း ပဲ။
တစ်ခါတစ်ခါတော့ ဘာသာစကား အကြောင်းပြောတယ် လူသား တဲ့။
တစ်ခါတစ်ခါတော့ ဘာသာတရားအကြောင်းပြောတယ် လူသားတဲ့။
တစ်ခါတစ်ခါတော့ အောင်မြင်မှု အကြောင်းပြောတယ် လူသားတဲ့။
တစ်ခါတစ်ခါတော့ နိုင်ငံရေး အကြောင်းပြောတယ် လူသားတဲ့။
တစ်ခါတစ်ခါတော့ ..................................................
မိုးကုတ်စက်ဝိုင်း ရဲ့ ဟို အဝေးမှာ ဘာတွေရှိမယ် ဆိုတာ လူသားဖြစ်နေပြန်ရော။
မေမေ နေမကောင်းဘူး။
အဖေ တစ်ယောက်တည်း ရုံးတစ်ဖက် မေမေ့ ကို ဂရုစိုက်ရတာ တဖက်။
မမ က သူ့အလုပ်ထဲမှာ ရုန်း ကန် နေရတယ်။
ညီလေး က ဆယ်တန်း အောင်ဖို့တဲ့ အဆောင်ထဲမှာ။
နွယ်က ငါတို့ ချစ်ခြင်းတွေအတွက်တဲ့ ကြိုးစားလို့။
နှင်းမြတ်က အလုပ်ရှာနေရတာနဲ့ မအားဘူး။
ပြည့်စုံ က ရန်ကုန်မှာ တစ်ယောက်တည်း ပိုက်ဆံပြတ်လို့။
ငါက စင်ကာပူမှာ အလုပ်တွေ ကြိုးစားလုပ် နေလေရဲ့။
ကိုသီဟသူက ပြောတယ် တံငါရွာမှာ ဆိုပြီး ရေးကွာတဲ့။
ခု ကျွန်တော် ရေးလိုက်တယ်။
ကျွန်တော် တံငါရွာမှာ ပါ။ ။

တံငါရွာ သို့ (၇)
တော်ဖလာ က ပြောတာကြားဖူးတယ်။ ယဉ်ကျေးမှု ရှိတဲ့ လူစင်စစ်သာလျှင် အနုပညာကို ခံစားတတ်တယ်။ ဒါ့အပြင် လုံလောက်တဲ့ စားဝတ်နေရေး ၊ လုံလောက်တဲ့ နားနားနေနေ အနားယူချိန် ၊ အဆင့်အတန်းမှီတဲ့ ယဉ်ကျေးမှု ဒီ သုံးခု ပြည့်စုံမှသာ အနုပညာ ကို ခံစားနိုင်မယ်တဲ့။ အနုပညာ ခံစားခြင်းဟာ လူသားတို့ လုပ်နိုင်ခြင်း ရဲ့ အမွန် ဆုံး ၊ ကမ္ဘာမြေရဲ့ အလှပဆုံး အလုပ်လို့ ဆိုသဗျ။ ဒါဆို အနုပညာဖန်တီးသူတွေကရော။ ကိုချောပြောခဲ့တဲ့ စကားတစ်ခွန်းတော့ အမှတ်ရမိတယ်။ သိပ္ပံပညာရှင်တွေ အနုပညာရှင်တွေ အနေချောင်သလို မနေဘဲ ၊ ယားပြီး လျှောက်လုပ်ခဲ့လို့သာ ကမ္ဘာကြီးက ကနေ့ ဒီလောက်လှလာတာ တဲ့။ နောက် စကားတစ်ခွန်း ပြောခဲ့သေးတယ် ကဗျာ ဆရာ ဆိုတာ ဟိမ၀န္တာက ကျားသစ်လေးတွေထက် ပိုရှားပါးပါတယ် အဲတော့ ကဗျာဆရာကို တန်ဖိုးထားကြပါတဲ့။ သူ က တစ်ကိုယ်လုံး ကဗျာ တွေ ရွစိထနေတဲ့ လူပေါ့ဗျာ။ သူယုံကြည်ထားတဲ့ အနုပညာအတွက် အရာရာကို စွန့်လွှတ်ခဲ့တယ်။ အောင်ခင်မြင့် က သူ့စာအုပ်တစ်အုပ်မှာ ရေးဖူးတယ် မီးဒပ်စ် ဟာ သူ့လက်နဲ့ ထိသမျှ ရွှေဖြစ်ကုန်လို့ နောက်ဆုံးမှာ ၀မ်းနည်းမှု တွေပဲ ဖြစ်ခဲ့ရသလို မောင်ချောနွယ်ဟာ လည်း သူ့ နဲ့ ခိုက်ထိသမျှဟာ ၀မ်းနည်းစရာတွေချည်း ဖြစ်ကုန်လို့ နောက်ဆုံးမှာ ကြေကွဲစရာတွေဖြစ်ကုန်ခဲ့တယ်တဲ့။ နောက် မြန်မာ အနုပညာ ရာဇ၀င်မှာ ကြည့်ကြပါအုံး ဆရာမြို့မငြိမ်း နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်။ နောက် ကိုလေးလွင် မြန်မာ ပြည်သူပြည်သားတွေ သိပ်ခံစားလို့ ကောင်းပါတယ် ဆိုတဲ့ သီချင်းတွေ ရေးခဲ့တဲ့ ဆရာ ၊ နောက်ဆုံး သူသေတော့ အ၀တ်အစားနွမ်း နွမ်း သူများ ရဲ့ ကြွေ သီးလေးတွေကို မျှော်လင့်ရင်း ခပ်နွမ်းနွမ်း၊ ဘ၀ သိမ်းသွားရဲ့။ နောက် မောင်ကျော့မှုး .. သူ့အဖေက သိပ် အောင်မြင် တဲ့ သိပ်ချမ်းသာတဲ့ လူ .. ဒါပေမယ့် သီချင်းပဲ ရေးခဲ့တယ်။ အို ပြောရရင် အများကြီးပါပဲဗျာ။
ကျွန်တော် ဘာမှ မဆိုင်တာတွေ လာပြောနေတယ်လို့ ခင်ဗျားတို့တော့ ထင်မှာပဲ။ ဒီကကိုရွှေဗမာတွေ သီချင်း အရမ်းဆိုကြတယ်။ တစ်နေကုန် အလုပ်ထဲမှာ ပင်ပန်းပြီးပြန်လာကြ ။ အိမ်ရောက်တော့ ဟဲကြပါပြီ။ ကျွန်တော် တော့ သူတို့ သီချင်း ဆိုတိုင်း ဖူးချစ်ရဲ့ ကြိုးစင်ပေါ်က မှတ်တမ်းထဲက သီချင်း ဆိုကြတာကိုပဲ သွားသွား မြင်ယောင်နေမိတယ်။
ကျွန်တော် တစ်ယောက်တည်း ပန်း လေး အကြောင်း စဉ်းစားတယ် ။ သောက်ခဲ့ဖူးတဲ့ အရက်ဝိုင်း လက်ဖက်ရည်ဝိုင်းတွေ ။ တ၀ဲလည်လည်။ ပန်းကလေးကို အံ့သြစရာလက်ဆောင်တွေ အခိုက်အတန့်တွေ ပေးခဲ့တဲ့အချိန် ပန်းလေး ပျော်သွားပုံ ၊ အပြုံး ဖူးပွင့်လာပုံ ။ ကျွန်တော်တစ်ယောက်တည်း မျက်ရည်ဝေ့ တတ်လာပြီ။ ဘာလို့လဲ မသိဘူး ပြန်စဉ်းစားတိုင်း မျက်ရည်ဝေ့ ဝေ့လာတယ်။
ကျွန်တော် ကဗျာတွေဖတ်တယ်။ သီချင်းတွေကို နားထောင်တယ်။ ကိုယ့် ၀မ်းနာ ကိုယ်သာသိ ဆိုတဲ့ ထန်းရွက်ကလေး ကို အဆောင် အဖြစ်ထားတယ်။ ကိုယ်သိတဲ့ ၀မ်းပဲ နာနေတာလား ။ သိပ်ကြီးကြီးကျယ်ကျယ် ကြီး စဉ်းစားနေတာလည်း မဟုတ်ပါဘူး။
ဟိုတစ်လောက မြန်မာပြည် က သူဌေးတစ်ယောက်အတွက် ပစ္စည်းတွေ ၀ယ်ပေးခဲ့ရတယ်။ အမှတ်တရလက်ဆောင်ပေးရန် ရိုးလက်စ်နာရီ ခြောက်လုံး ၊ အပျင်းပြေ သောက်ရန် လူဝီ သာတင်း အရက်ပုလင်း ၅ လုံး ၊ အဲ့ပုလင်းက တစ်ပုလင်းတင် စင်ကာပူ ၄၅၀၀ လောက်ပေးရတယ်။ ဒီက အလုပ်လုပ်နေတဲ့ လူတွေ တော်တော်များများ တစ်လမှ နှစ်ထောင် သုံးထောင်။ ရာသီဥတု ဖောက်ပြန်မှု နှင့် ဆင်းရဲ မွဲတေမှု မှာ ကြောက်မက်ဖွယ်အကောင်းဆုံး ကပ်ရောဂါ။
တော်ဖလာ က ဆက်ပြောတယ်။ အဲလို ပြည့်စုံတဲ့လူတိုင်းလည်း အနုပညာခံစားနေရတယ်။ ဒါပေမယ့် ဘာမှန်းမသိပဲ ခံစားနေကြတာတွေလည်းရှိတယ်တဲ့။ ကိုသီဟသူ ပြောဖူးတယ် တစ်ကြိမ်မဟုတ်တစ်ကြိမ် ရင်ထဲတော့ ထိသွားမှာပဲ။ မော်ဒန် အနုပညာဆိုတာ နာကျင်မှု ၊ ငြီးငွေ့မှု ကနေ ပေါက်ဖွားလာတာ။ အောင်ခင်မြင့် ကရေးတယ် ကိုယ်ကြိုက်တဲ့အနုပညာ ကိုယ်နဲ့ သင့်တော် မယ်ထင်တဲ့အနုပညာကို ရွေးပြီးခံစားရုံသာ။ ကောပီခေတ် လို့ အမည်တပ်တယ်။ အနုပညာ ဟာ ဈေး ကွက် ထဲ ရောက်သွားပြီ။ မာကပ်တင်း တွေ ခုနောက်ပိုင်း သိပ်ခေတ်စားနေတယ်။
ယားလို့ ရေးတာ တဲ့ ကိုတာ က ဆိုပြန်ပါရော။ ခေတ်ဟာ သိပ်မြန်ဆန်နေတယ်။ လူတွေတိုင်းဟာ ကိုယ် လက်ခံရရှိတဲ့ ဒေတာ နဲ့ ကိုယ့် ကမ္ဘာကိုယ် တည်ဆောက်တော့တယ်။ အနုပညာဆိုတာ အဲလို အွန်လိုင်းပေါ်က မြန်မြန်ဆန်ဆန် ရရှိနိုင်ပါတယ်။ ပတ္တမြား ကျောက်မျက် ရတနာတွေ ဘာလို့  တန်ဖိုး မြှင့်ရောင်းဝယ် ရသလဲ တွေးကြည့်မိတယ်။
ဘုရားက အနုပညာကို တားမြစ်တယ်။ ငါ့မှာ ဘုရားတားမြစ်တဲ့ အနုပညာကို ... ဆရာအောင်ချိမ့်။ အနုပညာ ဆိုတာကြီးက သုံးမရရင် ခေတ်အဆက်ဆက်မှာ ဘာလို့အရေးပါ အရာရောက်တဲ့နေရာ က ပါလာတာတဲ့တုံး။ ခုလည်းပါတုံး ပဲ ဆိုတာ။ စားဝတ် နေရေး ၊ လောဘ ၊ စည်းစိမ် ။ အနုပညာဆိုတာ လူတစ်ယောက် ဘယ်လောက်အဆင့်ရှိသလဲ ဆိုတာ ပြနေတဲ့ ပေတံလို (လို)။
သိုးတွေ ဘာသိလို့လဲ စားမယ်သောက်မယ် ဒီလောက်ပဲ.... အဲဒါကြောင့် ငါ့ ရဲ့အမိန့်အောက်ရောက်နေတာ... ကြာလာတော့ သူတို့ ကိုယ်ပိုင် ဦးဏှောက်ကို အသုံးမချချင်တော့ဘူး ..... အယ်လ်ကားမစ် ၀တ္တု ထဲမှာ ဖတ်ရဖူးတယ်။ လူသား ဟာ သူ့ဦးဏှောက် ကို အစွမ်းကုန် အသုံးချတယ်။ အဲ့တော့ လူသားဟာ ပြန်လည်ပြီး သူ့ဦးဏှောက် ပြန်လည် ပိတ်နှောင်ထားရတယ်။
ဘာသာရေး။ လူ့ကျင့်ဝတ်။ ဥပဒေ။ ယုံကြည်မှု။ သင့်ချစ်သူ သေသွားလို့ သင့်ချစ်သူ ရဲ့ ပုံကို ပုံတူ မျိုးပွားပေးမယ် ဆိုရင်..... လူသားတွေ ရှော့ဝင်ကုန်တယ် အုပ်ချုပ်သူက လူသားရဲ့ ဦးဏှောက် ကို အစွမ်းကုန် ပိတ်ပင်တယ်။ လူ့ဘောင် တခုကို ပြောင်းလဲမယ် ဆိုတဲ့ ကောင်းတဲ့ ယုံကြည်ချက်နဲ့။ ပိုကောင်းသော လူ့ဘောင် အတွက်။ လူသား ရဲ့ စိတ်ကူး ဥာဏ် ကွန့်မြူးမှု ကို ပိတ်ပင်တယ်။
ရှင် ဂေါတမ ဟာ တဏှာ ကို တားမြစ်တယ်။ ပဋိ စ သမုပ္ပါတ် မှာ ကွင်း ဆက်တစ်ခုကို ဖြတ်ခိုင်းတယ်။ အခြေခံက ရုပ်တရား။ ရုပ်တရားကို အခြေခံပြီး စိတ်ဖြစ်လာတယ်။ ရုပ်နဲ့ စိတ်ကြားမှာ ဥာဏ် နဲ့ ဖြတ်ချရတယ်။ ပညတ် နဲ့ ပရမတ် ဆိုတာ ဆက်လာတယ်။ ကောင်းမှု မကောင်းမှုတွေနဲ့ ဘာသာတရား တည်ဆောက်တယ် ။ လူ ရဲ့ စိတ်ကူး ကွန့်မြူးမှုကို စည်းတားတယ်။ အဓိက က အနတ္တ ၊ သုညတ ဖြစ်ရမယ်။ ဒီမှာ အဓိက က ဥာဏ် ၊ သတိ ဥာဏ် ၊ အသိဥာဏ် အဲဒါနဲ့ ဖြတ်ရတယ်။ အဲဒီအတွက်သမာဓိ ထူထောင်ရတယ်။ ဒါပေမယ့် အဲ့ သမာဓိ ကို ပြန်ဖျက်ချရတယ်။ ရှင်ဂေါတမရဲ့တရားက ဘာပဲဆိုဆို ဘာပဲလာလာ အနတ္တ မှာပဲ အားလုံး ချုပ်ရတယ်။
ည ရောက်လာတော့ ခါတိုင်းလို ကိုယ်ချစ်တဲ့သူ ရှိတဲ့ ၊ တိုင်းပြည်၊ ကိုယ်ချစ်ခင်ရတဲ့ ဓလေ့ ရှိတဲ့ အရပ် ၊ ကိုယ်သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိရာဘက်ဆီ ငေးမျှော် .... ခြောက်သွေ့နေတဲ့ ကန္တာရကနေ လရောင် ထိုးကျနေတဲ့ မြစ်ကမ်းစပ်လေးဆီ လှမ်းမျှော်နေရသလိုပဲ... ဒီလိုပဲ .. ဒီမှာ ရှိသမျှတော့ ဒီရောဂါ။ ဘာကိုမှ တွေးပြီး စိုးမရိမ်ဖြစ်တာလည်း ကြာပြီ ။ ဟိုအကြောင်း ဒီအကြောင်း စူးစမ်းလျက်ပါပဲ။ ဒီလိုပဲ ဆက်ရအုံးမှာပေါ့ မသေခင်သေးသမျှတော့။
ကျွန်တော်တို့ အသက်ဆက်ရတာ ဘာမှ မမြင်ရတဲ့ အမှောင်ကြီးထဲ တိုးဝင်နေရတာပါပဲ။
ပန်ဒိုရာရဲ့သေတ္တာ ထဲမှာ မျှော်လင့်ချက် ကျန်သေးတာ ကံကောင်းတယ် ပြောမလား ကံဆိုးတယ်ပြောမလား။
ပရို မီးသီးယပ်စ် က သက်ရှိတွေဖန်တီးတော့ သူ့ညီက တခြား သက်ရှိတွေမှာ ခွန်အားတွေ အမျိုးမျိုး ထည့်ထုလုပ်လိုက်ပြီး ၊ လူတွေကျတော့ အကောင်သေးအောင် ဖန်တီးထားတဲ့အတွက် ပရိုမီးသီးယပ်စ် က လူတွေကို ဦးဏှောက်ထည့်ပေးခဲ့တယ်ဆိုလား။
ကျွန်တော် ကိုယ်တိုင်လည်း ဘာမှ လုပ်ချင် ကိုင်ချင် စိတ်မရှိတာလည်းပါမယ်။ ဆက်ပြီးတော့လည်း မရေးချင်တော့ဘူး။ သယ်ရင်း လူလင်းကတော့ သူ့ ဟန်ပျက်ခြင်းတွေကို ဒီ ငြီးငွေ့စိတ် နဲ့ တီးခတ်နေတယ်တဲ့။ ကျွန်တော် ရော............ ကျွန်တော် က ငြိးငွေ့လွန်ပြီး တီးကို မတီးချင်တော့ဘူး။ ဒီ တံငါရွာသို့ (၇) ဟာ ဒီ စီးရီး ထဲက နောက်ဆုံးပါ။ ဘာမှ မပြောချင်တော့တဲ့ အဆုံး ........................................................................
ပန်းကလေး ၊ မိသားစု ၊ သူငယ်ချင်းများ ၊ နောက် ရန်ကုန် ၊ မြန်မာ...........
.....................................................................................တိမ်တွေဖုံးနေတဲ့ ဟိုဘက်နားလောက်ဆီမှာနေမယ်နဲ့ တူတယ်။ ။

တံငါရွာသို့ (၆)
ဟိုး ခပ်ဝေးဝေးမှာ သင်္ဘောကျင်းတွေ၊ တိုက်တွေ၊ အဆောက်အဦးတွေ မလှုပ်မယှက် ၊
အဲ့ ဒါ တွေကို ကိုယ်လည်း မလှုပ်မယှက် ငေးမောလျက် ၊ နံနက်ခင်း ၊ နေ့လည်ခင်း ၊ ညနေခင်း ..အလို.. နေတောင်စောင်းသွားပါပေါ့လား။ လူတွေ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေ လူတွေဖန်တီးခဲ့တဲ့ နည်းပညာတွေ ကို လူတွေကမွေးဖွားခဲ့တဲ့ လူတစ်ယောက် ငေးမောရင်း ပြန်လည်တည်ဆောက်ခံရတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလာခဲ့လိုက်တာ.....
ည.. တွေဝေ ငေးမောခဲ့ရတဲ့ .....မျက်လုံးတွေ။ မနက် အိပ်ရာထတော့ မျက်လုံးကို စုံပွတ်ပစ်။ အလျင်အမြန် ရောက်လာတဲ့ ငါ့ လက်။ ဟင်.. ရောက်လာတာ မြန်လိုက်တာ။ ကိုယ့်လက် မဟုတ်တဲ့အတိုင်း အေးစက်နေတယ်။ ဒါ ...။ အညောင်းဆန့်လိုက်တာ။ ခေါင်းထဲမှာ ကလိ ကလိ နဲ့။ လျှပ်စီးကြောင်းတွေ.ဟာ။
ငါ့ ခံစားမှု သွေးကြည်လွှာ တွေ။ ပျောက်ကုန်ပြီ။ ပျောက်ကုန်ပြီ။ ၀ုန်းခနဲ ထ။ ပေါက်ကွဲ ပစ်လိုက်ချင်တယ် ဆိုတဲ့ ခံစားချက်မျိုး ဖြစ်မလာဘူး။ ဟော ဗျာ.. ဟုတ်ကဲ့ လူကြီးမင်း ခင်ဗျား ဘာများ အလိုရှိပါသလဲ။ ဘာများ ပြောလိုပါသလဲ။ စစချင်း ပေါက်ကွဲချင်တဲ့စိတ် ဘယ်သိတော့မှာလဲ။ ခု အဲလို ရေးနေတာ သိလို့မဟုတ်ဘူး ရေးရမယ်ဆိုလို့။ ဆက်ရေး အုံးမယ်။ ဘာတဲ့။ 1101 1111 0010 1101 1100 0001 0010 1010 .....
ကွန်ပြူတာရှေ့ထိုင်။ အလုပ်ရှာ။ ဟောဗျာ ဟောဗျာ။ send ကို နှိပ်ပါ။ ဟုတ်ကဲ့ လို့တောင် ပြန်ပြောလို့မရ။ နှိပ်လိုက်ရပြီ။ နောက် 1101 1110 1010 1100 0010 0001 0101 1011 ....။ apply ကို နှိပ်ပါ။ နှိပ်လိုက်ရပြီ။ ဘာတွေတုန်း ဟ။ ဘာသာပြန် ၀င်ရောက်တယ်။ ပြန်တိုက်စစ်တယ်။ ပြန်လည် ထုတ်လုပ်တယ်။ ဒီလိုနဲ့ မနက်ခင်း ဟု ခေါ်ဆိုသော အချိန်များ ကုန်ဆုံးသွားပြီဟု ထင်မှတ်ကြလိမ့်မည်။ ဒီလိုလဲ မဟုတ်ပြန်ဘူးလား။ အမှန်က ဟုတ်တယ်။ မဟုတ်ဘူး ဆိုတော့ မဟုတ်ဘူးပေါ့ဗျာ။ဟုတ်တယ် ဆိုတဲ့အတိုင်း အမှန်၊ အဲဒါတွေလည်းမသိတော့ဘူး။ အဲဒါ ဘာတွေလဲဟင်။
နောက်တစ်ကြောင်း အန်းတား။ အဲ့ဒါ အပေါ်က။ ဈေးသွားဝယ်ပါ။ ရှော့ပင်းထွက်ပါ။ လျှောက်ကြည့်ပါ။ မှတ်သားပါ။ စကရင် မှ ပေါ်လာသည်ကို ကြည့်ပါ။ လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်ပါ။ ဘာသာစကား ဖြင့် ဆက်ဆံမှု။ ရင်းနှီး ဖော်ရွေမှု။ သတိပေးချက်။ စစ်စတမ် အယ်ရာ။ အသုံးမ၀င်သည့် ဒေတာများအား ဟူးမန်းဖားယားဝေါလ် မှ စစ်ထုတ်ပေးသည်။ ခွင့် ပြု ၊ မပြု။ ပြု။ ဟယ်လို။ ဟိုင်း။ စစ်စတမ် အယ်ရာ။ ၀င်လာသော ဆော့ဝဲလ် မှာ ပြင်ပ အခြေအနေ နှင့် မသင့်တော်ပါ။ အလိုအလျောက်ဖယ်ရှားခြင်း စတင်သည်။ အလိုအလျောက်ဖယ်ရှားခြင်း ပြီးဆုံးပြီ။ ကဒ် ထုတ်ပါ။ ရထားပေါ်သို့ လျှောက်ဝင်ပါ။ အင်ဖော်မေးရှင်း များ လက်ခံပါ။ ကိုက်ညီမှု ရှိလျှင် စင်္ကြန်ပေါ်သို့ လျှောက်လိုက်ပါ။
ရှာဖွေပါ။ ကိုက်ညီမှု ရှိလျှင် အကြောင်းပြန်ပါ။ ကိုက်ညီသည်။ ပြန်လည်စစ်ထုတ်ပါ။ ကွန်မြူနကေးရှင်း စတင်ပါ။ ခင်မင်မှု များ တွေ့ရသည်။ ခင်မင်မှု ဘာသာပြန်ပါ။ မကိုက်ညီပါ။ ထပ်မံ ၍ အလုံးအရင်း နှင့် ၀င်ရောက်လာသည်။ အန်န်တီ အီမိုရှင်နယ် ဆော့ဝဲလ် မှမသတ်နိုင်တော့ပါ။ ၄င်း ကိုယ်တိုင် ပျက်စီးမှု စတင်သည်။ စစ်စတမ် ကို ပြန်လည်စတင်ပါ။ မပြောလိုက်ရမီ ...
လင်းခနဲ ၀င်လာတာ ကိုယ့်သူငယ်ချင်း။ သွားမယ်။ ကွေး ဆိုက်။ စကားပြော။ ဒါမှ လူ့ဘ၀ တဲ့လား။ အရသာရှိလိုက်ပါဘိ။ အကြာကြီး ငေးမောထိုင်ကြ ဆွေးနွေးကြ။ လေညင်းလေးဖြတ်တိုက်လာတယ်။ လှလိုက်တာ။ နောက် ကိုရီးယားဆိုင်မှာ ကိုရီးယား အစာ သွားစားကြ။ ပန်းကလေး ကို သတိရပါဘိ။ ပန်းကလေး နဲ့ ကိုရီးယား ထမင်းသုတ် စားကြတုန်းက မအေးခင် နယ်လိုက်ကြရတာ နှစ်ယောက်သား ဖတ်ဖတ်ကိုမောလို့။ ခု ပန်းကလေး ကြိုက်တဲ့ ကမ်ချီဟင်းရည် လေး ဆွဲမှပါ။ ပူပူ နဲ့ ကောင်းလိုက်တာ။ အောက်မှာ လူတွေ ပြေလျော့စွာ ။ လှုပ်ရှုားနေတဲ့ လူစင်စစ်တွေလေ။ အတွဲလေးတွေ။ တချို့ကောင်မလေးတွေက သူတို့ ကောင်လေးတွေရဲ့ ပုခုံး ပေါ် ကနွဲ့ ကလျ မှီလို့ပေါ့။ လူဆိုတာ လူနဲ့ ဆက်ဆံနေရတယ်။ လူနဲ့ ဆက်ဆံ နေမှ လူဖြစ်တယ် ဆိုတာ........အတွေးထဲမှာ လွင့်မျောသွားတယ်။ စကားတွေလည်းအများကြီးပါပဲ။ အာခေါင်ခြောက်လည်း စိုပြေနေတဲ့ ရာသီဥတု နဲ့ ဆိုတော့...
ပြန်လာတယ်။ ဒီကလူတွေ ဘာတွေ ညာတွေ။ ဟိုက လူတွေ ဘာတွေ ညာတွေ သိပ်မစဉ်းစားဖြစ်တော့ပါဘူး။ ပြည့်စုံ ပြောသလို မြန်မြန် အထိုင်ကျသွားတာလည်း ဖြစ်နိုင်တာပဲ။ မပြောတတ်ပါဘူးလေ။ အိမ်ရောက်တော့ ပန်းကလေး ပုံတွေ ထုတ်ကြည့်ဖြစ်တယ်။ ဖေ့ဘုတ် ပေါ်က ကိုယ်ရေးထားတဲ့စာတွေ သူငယ်ချင်းတွေရေးထားတဲ့စာတွေ ပြန်ဖတ် တယ်။ အပြုံးလေးတွေပြန်မြင်ရတယ်။ နွေးထွေးမှု တွေနဲ့ စကားဝိုင်းတွေ။ အသစ် သိရှိမှုတွေ။ ရှာဖွေမှုတွေ။ စိတ်လှုပ်ရှားလိုက်ရတဲ့ အခိုက်အတန့်လေးတွေ။ လူ ဖြစ်ခြင်း ရဲ့ မလိုင် တွေ ဝေ့တက်လာတယ်။ သွေးထဲမှာ ပျော်ရွှင်မှု လွတ်လပ်မှု လန်းဆန်းမှု သွေးရည်ကြည် တွေ ပြန်လည် စီးဆင်းလာခဲ့တယ်။
ဒီလိုနဲ့ ကျွန်တော့် ကဗျာတွေ ကို ဖတ်ရင်း ..ရန်ကုန်ရှိမယ်ထင်တဲ့ ဘက်ကို ငေးမျှော်ရင်း၊ ပြည့်စုံလို ဆေးလိပ်မသောက်တတ်တော့ ပန်းကလေးရဲ့ ပုံလေးကို ထုတ်ကြည့်ရင်း ........ ကျွန်တော် တံငါရွာ တဖြစ်လဲ စင်ကာပူမှာ ရန်ကုန်ကို သတိရလို့ပေါ့။
ဆရာချိမ့် က သူ့ ရဲ့ ပြဇာတ်မင်းသားဆိုတဲ့ ကဗျာ စာအုပ်ထဲမှာ ရေးဖူးတယ်
ပြန်လည် သတိရမှုမှာ အနုပညာမပါရင်..............။

တံငါရွာ သို့ (၅)
ဘာလိုလို နဲ့ ကိုယ်လဲ ဘာလိုလို .....
ဒီနေ့က စနေနေ့ ။ရောက်တာ ၇ ရက်မြောက်နေ့။ ဘာထူး။ ဘာမှ မထူး။ နားကိုအေးနေတာပဲ။ အရင် ၂ ရက်ကတော့ အိမ်မှာနေရင်း တကယ့်ကို အိမ်မှာ ထိုင်နေရင်း။ အခန်းထဲမှာ ကမ္ဘာကြီးကို ဂူးဂဲလ် ထဲ ထည့်ပလိုက်ခြင်း။ ယူကျူ့ ဖြင့် တွေ့သိခြင်း။ ကျွန်တော် ဆိုသော အလုပ် လုပ်လိုနေသော လူတစ်ဦး ရှိကြောင်း အသိပေးခြင်း။ စသဖြင့် အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း။ လုံးထွေးနေတယ် ကမ္ဘာကြီးနဲ့ လုံးထွေးတယ် စင်ကာပူ နဲ့ လုံးထွေးတယ်။ တွေ့လား ငါ့မှာတောင် စင်ကာပူ မျှင်တွေ လာကပ်နေပြီ။ ဘယ်တော့များ စင်ကာပူ ပိုးတုံးလုံး ဖြစ်လာတော့မလဲ မသိဘူး။ (အဲဒါ တကယ်မသိတာ) ပြောင်းမှန်းမသိပြောင်းလာတာ။ တော်တော်တောင် ခရီးရောက်နေပြီထင့်။
ထားတော့။ အစပြန်ကောက်ရအောင်၊ ဒီနေ့က စနေနေ့။ ဟုတ်ပ။ စနေနေ့။ သူငယ်ချင်းတွေ ချိန်းထားတယ် ၊ အလုပ်လုပ်နေတဲ့ သူငယ်ချင်းလေ သူလာမယ်။ လျှောက်သွားကြတာပေါ့။ ကောင်းတဲ့ ကိစ္စပဲ။ သွားမှာပေါ့။ သူနဲ့ချိန်း။ ချိန်းထားတာ ၃ နာရီမှ။ ၃ နာရီ မရောက်မချင်း ထိုင်စောင့်နေ။ ဒါပေမယ့် ပျင်းဖို့ မကောင်းပါ။ ဒီနေ့ အဒေါ် တစ်ယောက်အလည် လာမည်ဆိုသဖြင့် အခန်းရှင်း။ တမနက်လုံး ပန်းကလေး နဲ့ နှီးနှော။ အို ကိုယ်တော့ ဒီနေ့ ပန်းနံ့ လေးသင်း ရာသီဥတု သာယာတယ်။ မြူ ကင်းနေတယ်။ သိလား။ အဲ့ ချစ်ခြင်းမေတ္တာ ၊ ခင်မင်မှု စသော စသော ကျွန်တော်တို့ သိပ်မသိတဲ့ အရာတွေ။ ဘာမှတော့ မဟုတ်ဘူး လို့ လူကြီးတွေ လာလာ ပြောပြောကြသေးတယ်။ ကျွန်တော်တို့ကပဲ ယုံကြည်နေလို့လား မသိဘူး။ အဲ့ အသိုင်းအ၀န်း ထဲမှာ နေရတာ သိပ်နေလို့ကောင်း။ သိပ်နေလို့ပျော်။ နေပျော်စရာ လောက။ လောကဆိုတာ ဒါမျိုးလေးလည်း ရှိပေအုံးမှပေါ့။ ရှိအုံးမှ ပေါ့။ ဟုတ်တယ်မလား။ ကျွန်တော် ကတော့ ယုံတယ်။ ပန်းကလေး နဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ ၊ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ချစ်ခြင်း မေတ္တာ၊ နွေးထွေးမှု။ တကယ့်ကို လေ လေး တချွန်ချွန်။ ကျွန်တော့်အဖြစ်။ အခု ကျွန်တော့်အဖြစ် မြင်ယောင်ကြည့်လို့ရမှာပါဗျာ။
၃နာရီထိုးတော့ ရေချိုး။ ပြီးတော့ ထွက်လာလိုက်တာပဲ။ ပြီးတော့ ဘယ်သွားမလဲ။ ဘယ်သွားမလဲ။ ဘယ်သွားမလဲ။ ခေါင်းချင်းရိုက် တိုင်ပင်တယ်။ အရှေ့ဘက်ကမ်းခြေ ၊ အဲဒါက မြန်မာမှု ပြုထားတာ။ ဒီမှာတော့ အိစ်တ် ကို့တ် အဲလိုပဲခေါ်ကြတယ်။ အဲ့နေရာ သွားကြပေသပေါ့ဗျာ။ ယူနို့ မှာဆင်း။ တက်ကစီ ငှား။ အိတ်စ် ကို့်တ် သို့ပေါ့ဗျာ။ အံမယ် တက်ကစီ သမားက ဟိုမေးဒီမေးနဲ့။ ဘယ်ကလဲ။ ဘာလာလုပ်တာလဲပေါ့ဗျာ။ ကျုပ်တို့က မြန်မာတွေ ပေါ့ဗျာ။ အဲတော့ မြန်မာ ပြည်သူတွေကို သိပ်ကြိုက်ဆိုပဲ။ အောင်ဆန်းစုကြည်။ သိပ်မိုက် ပေါ့။ လာပြီ။ မြန်မာပြည်ရဲ့ အင်တာနေရှင်နယ် အိုင်ကွန်ကြီးထူးဆန်းပါ့။ လူတွေက သတင်းတွေ မီဒီယာတွေ ပြောပြတဲ့ ကမ္ဘာကြီးမှာ ရှင်သန်နေရတယ်။ ကြည့်လေ။ ကျွန်တော်တို့ သိခဲ့တဲ့ ကမ္ဘာဆိုတာနဲ့ ဒီက ကမ္ဘာ ၊ ဘယ်လောက် ကွာခြားလဲ။ ဘာသာစကား နဲ့ သိမ်းသွင်းခံ ဘာသာစကား ရဲ့ ပြုလုပ်ခံ ကျွန်တော်တို့ အဲ့မှာ ကွင်းခနဲ။ ကဲ ခုလည်း ကျွန်တော် ခင်ဗျားကို ဘာသာစကား နဲ့ သိမ်းသွင်းနေပြီလား။ ဘယ်လိုလဲ။ စိမ့်ဝင်မှု ပါဆန်းတေ့ ဘယ်လောက်လဲ။ ဘယ်လောက်ရောက် သွားပြီလဲ။ ကဲ ပြော ဒါမှမဟုတ် ကိုယ့် တွေ့သိမှုတွေနဲ့ ပြန်တပ်ဆင် တည်ဆောက်နေပါသလား။ ဘာများထပ်ရနေပါသလဲ။ ဗိုက်ဝ ကြပါသလား။ တွေ့တယ်မလား လူဆိုတာ အပြုလုပ်ခံတွေပါဆိုတာ။ ဘာတွေများ အကြီးအကျယ်ကြီးတွေ လုပ်ပြဖို့ တာစူထားပါသလဲ။ ဘယ်သူက ဘယ်သူ့ရဲ့ နယ်ရုပ်တွေ ဆိုလား အဲလိုမျိုးတွေ ကြားဖူးနေရတာ။ အဲလို အဲလိုပါဗျာ။
ရောက်လေပြီ အိစ်တ် ကို့တ် မောင်မင်းကြီးသား ကြီးက ကိုယ့် ဘယ်နေရာ ချပေးသွားမှန်းမသိဘူး။ ကိုယ်လည်းမရောက်ဖူးဘူး ဆိုတော့။ ကောင်းပေါ့။ ခြေဦးတည့်ရာ။ ခြေလျှောက်လမ်း။ ပြောရအုံးမယ် ဒီမှာ အစိုးရ က သူ့ ပြည်သူတွေ ကို ဘယ်လောက် အရေးစိုက်တယ်ဆိုတာ။ ခြေလျှောက်လမ်းက တစ်လမ်း။ စက်ဘီး တို့ စကိတ်တို့ စီးဖို့တစ်လမ်း ဗျာ အဆင်ပြေအောင်ပေါ့ စီစဉ်ပေးထားတာ။ ပြီးတော့ ဒါက ပတ်ဘလစ် ဆိုတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာ။ လူမျိုးဘာသာ၊ အဆင့်အတန်းမရွေး အပန်းဖြေနိုင်ပါသည်ပေါ့ဗျာ။ ကမ်းခြေ တဲ့ ချောင်းသာ ၊ စက်စဲ ၊ မောင်းမကန် ရောက်ဖူးတဲ့ ကမ်းခြေ မှန်သမျှ ပြန်လွမ်းသွားတယ်။ ဘယ့်နှယ့် တစ်ထွာလောက် ဆင်းလျှောက်လိုက်တာနဲ့ ရေထဲ ရောက်သွားတော့တာပဲ။ ဒါတောင် လူတွေ အပန်းဖြေလို့ ရအောင် ကျွန်တော်တို့ ဆီက သဲတွေ ၀ယ်ပြီး လုပ်ပေးထားတာ ဆိုပဲ။ အားလုံး ကို ပြင်ဆင်ပေးထားတာတော့မိုက်ပါတယ်။ အပန်းဖြေစခန်း။ ကမ့်ချရန်နေရာ။ ဘာဘီကျူး လုပ်ရန်နေရာ။ စသဖြင့်ပေါ့ဗျာ။ စံနစ်ရှိတော့ အဆင်ပြေသပေါ့ဗျာ။ တော်တော်တော့ တော်တဲ့လူတွေ။ အစားအသောက်လည်း စုံတယ်။ ကမ်းခြေကလည်း ကြည့်လိုက်တာ ပင်လယ်ပြင်မြင်ရမလားမှတ်တယ်။ သင်္ဘောတွေနဲ့ ပိတ်နေတယ်။ ဟ ဟ။ ဒါပေမယ့် မရှိတဲ့ နေရာကို မရှိရှိအောင် လုပ်ထားတာ သာယာအောင် ဖန်တီးထားတာ ချီးကျူးဖို့ကောင်းသဗျာ။ နောက်ကိုယ်လည်း တစ်မျိုးတော့ တစ်မျိုးပဲ။ မြန်မာမြေပေါ် ပြန်နင်းနေရတာဆိုတော့ကာ ။ အားလုံးလည်း ရယ်ရယ်မောမော ရှေးဟောင်းနှောင်းဖြစ် ၊ နောင်ဖြစ် တွေ ပြော။ လေကလည်း တိုက် ဆိုတော့ဗျာ။ သာယာတယ်ပေါ့။ ဒီမှာ ၀ါးတာ စကီ လည်းရှိသဗျ။ ဒါလည်း မိုက်တာပဲ။ ကျန်းမာရေး အတွက် လာပြေး စကိတ်စီးနေတဲ့လူတွေ တော့ အတော်များသဗျ။ ကျန်းမာရေး အတွက်လာလုပ်ခါမှ ဒူးကွဲ ဒူးပြဲ သွေးတွေရွှဲနေတဲ့လူတွေ လည်း နိုင်းချင်း ပဲပေါ့ဗျာ။ ဟက်ဟက် ရယ် တော့ ရယ်ရသဗျနော်။ လူတွေ ရှုပ်စရာမရှိ ရှာကြံရှုပ်ကြပုံ။ ကိုယ့်ဘာသာ စည်းချက်မှန် ရှင်သန်နည်း ကိုမေ့ ၊ အတင်း စည်းချက် လိုက်မှန်။ ပြီးတော့ ... ဟက် ဟက် ဟက် ။
နောက်မိုးချုပ်ပြီ။ အိစ်တ် ကို့တ် က ပြန်။ အိမ်မပြန်ချင်ကြသေးဘူးလေ။ ဘယ်သွားမလဲ။ ပြန်ခေါင်းချင်းရိုက်။ စီးတီးဟောလ် နားက မြစ်ဆိပ်နားသွားမယ်။ အဲလို အကြံ ရ။ ကဲ လိမ့်ခဲ့တာပေါ့ဗျာ။
ရထားပေါ်ကဆင်း။ မြေအောက် က လျှောက်။ ကိုယ်က ဒီမှာ နည်းနည်း ကြာလာတော့ မီးရောင်တွေ ကိုတော့ ခံစားလို့ရလာပြီ။ ဒါပေမယ့် ရထားမြေအောက် ထဲ ၀င်သွားရင်တော့ ကြောက်နေတုန်းပဲ။ ထားပါ။ မြေအောက်က လျှောက်သွား။ တက် အပေါ်ကို တက် တက် တက်။ စက်လှေခါးတွေတဆင့်ပြီး တဆင့် တက်သွားတာ။ ဟာ......... ကျွန်တော် စင်ကာပူမှာ သဘောအကျဆုံး နဲ့ အကြိုက်ဆုံး နေရာ။ တကယ် အဲလိုပဲ ကျွန်တော် သတ်မှတ်တယ်။ တကယ်ဗျာ။ ဒါမျိုးသာ ကျွန်တော်တို့ ရန်ကုန်မှာရှိရင် ကျွန်တော် ဘယ်နေရာမှ မသွားတော့ဘူး စိတ်ချ။ ဒါကမှ တကယ့်စင်ကာပူရဲ့အညွန့်။ အမွန်။ ဘယ်လောက်တောင် အဆင့်မြင့်နေသလဲ ဆိုတဲ့ ဘယ်လောက်တောင် ခရီးရောက်နေသလဲ ဆိုတာ ပြနေတဲ့ စင်ကာပူ။ နာမည်က အက်စ်ပလန်ဒီ တဲ့။
အက်စ် ပလန်ဒီ ဆိုတာ စင်ကာပူရဲ့ အနုပညာ စင်တာလို့ ဆိုလို့ရသပေါ့ဗျာ။ ကားပတ်ကင် နောက် က ၀င်တဲ့ လမ်းမှာကို အင်စတော်လေးရှင်းတွေနဲ့ စတယ်။ ပြီးတော့ နံရံမှာ ကဗျာတွေ။ နောက် အင်စတော်လေးရှင်းတွေ။့  ဒါက ဖရီးရှိုးတွေဗျ။ ကိုယ့် ဖန်တီး နိုင်စွမ်းရှိသလောက် ပြလို့ရတဲ့နေရာ။ ပြီးတော့ စင်တာ ထဲကိုရောက် အဲ့မှာလည်း အင်စတော်လေးရှင်းတွေ အများကြီးပဲ။ ကျွန်တော်တို့ ဆီမှာ ပို့စ်မော်ဒန် အနုပညာဆိုတာတောင် တိုက်လို့ခိုက်လို့ ကောင်းတုန်း၊ ဒီမှာက အကုန်ခရီးရောက်နေပြီ။ ဗစ်စီရယ် အတ်တောင်ပြနေကြပြီ။ ခင်ဗျား ပြချင်ရင် ဖရီးပြ ရုံပဲ။ နောက် ဖရီး ရှိုးတွေ။ နောက် ပန်းချီတွေ၊ ပန်းပုတွေ။နောက် သီအေတာ တွေ။ ဘဲလေး တွေ။ တကယ့် အညွန့်တွေဗျာ။ အဲဒါက ဘယ်မှာ ဆောက်ထားတယ်မှတ်လဲ။ ကက်စီနိုနဲ့ တွဲထားတဲ့ အဆောက်အဦး ၃ခုပေါ်မှာ လှေတင်ထားတဲ့ အဆောက်အဦး ရှေ့ ၊ကာစီနိုရှေ့၊ စင်ကာပူ ဗီဇနက် စင်တာတွေရဲ့ ရှေ့ ၊မရီနာဘေ ၊ မာလိုင်းယွန်း လာဘ်ကောင် အစစ်ရှေ့၊ အိုဗျာ စင်ကာပူ ရဲ့ စင်ကာပူ ဆိုတာတွေအားလုံးကို စုထားတဲ့နေရာ အကုန်လုံးကိုလဲ လှမ်းမြင်နေရတယ်၊ စင်ကာပူရဲ့ည။ ဟို အသစ်ဆောက်ထားတဲ့ အပန်းဖြေ ဟိုတယ်ပေါ်က မီးမောင်းတွေကလည်း ပြင်းလှချည်။ အမျိုးသားနေ့ အကြို မီးရှုး မီးပန်းတွေဖောက်၊ နောက် တစ်မြို့လုံးက တိုက်တွေပေါ်မှာ တင်ထားတဲ့ အာကာသ ထဲတောင် ထိုးလို့ရတဲ့ မီးမောင်း ကြီးတွေ ကစား၊ နောက်က တီးနေတဲ့တီးဝိုင်း ရဲ့ အသံ က ဖြူးနေတဲ့ လေပေါ်မှာ မျောလာ ၊ ကျွန်တော် ကျွန်တော်တို့ နိုင်ငံ အကြောင်း တွေးမိပြီးတော့ မျက်ရည်တောင်ဝဲသွားတယ်။ တကယ်ဗျာ ကျွန်တော် စင်ကာပူ နိုင်ငံသားတွေ အနုပညာ မခံစား နိုင်ဘူးလို့ ထင်ထားတာ ကိုယ့်ကိုကိုယ်တောင် ပြန်ရှက်သွားမိတယ်။ ဒါပေမယ့် အဲ့အယူကတော့ မပျောက်သေးပါဘူး။ သူတို့ လှုပ်ရှားမှုတွေက စည်းချက်မှန်လွန်းနေတယ်လေ။ အချိန်ကိုက် လှုပ်ရှားနေတဲ့ အရာဝတ္တုတွေ ၊ ဒါပေမယ့် သူတို့ ရဲ့ အနုပညာ ဖန်တီးမှုတွေ ကလည်း မချီးကျူးနေလို့မရ။ သိပ်လှတဲ့ နေရာဗျာ။ အက်စ်ပလန်ဒီ ဆိုတာ သိပ်လှတဲ့နေရာ။ ကျွန်တော် ရောက်ဖူးသမျှထဲမှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ နေရာ။ အဲလိုကို အက်စ် ပလန်ဒီက အနုပညာတွေ ၀န်းရံ အဲဒါကိုက လှနေပါတယ်ဆို ၊ နောက် နောက် သူ့ရဲ့ တည်နေရာ က လူတွေရဲ့ အသိဥာဏ် အားထုတ်မှု တွေ ၊ လှပတဲ့ လူတွေရဲ့ အညွန့်မှန်သမျှ တွေ ဖူးပွင့် သီး ရွှန်းမှည့် နေတဲ့နေရာ၊ အက်စ် ပလန်ဒီ ဆိုတာ သိပ်လှတဲ့နေရာပေါ့။
သိပ်လှတာမှ ဘယ်ဘာသာစကားနဲ့ ရေးရေး သူ့အလှ ကို ဘယ်လိုမှ လုံလောက်အောင် မဖွဲဆိုနိုင်တဲ့ အက်စ်ပလန်ဒီပေါ့။ ရောက်ပြီးရင် ပြန်ခွာဖို့ မနည်းအားထုတ်နေရတဲ့နေရာပေါ့။ ဒါပေမယ့် ဘယ်လောက်အားထုတ်ထုတ် အချိန်တန်တော့လဲ ပြန်ကြရတာချည်းပါပဲ။ လူ့ဘ၀ မလား။
အပြန် အဒေါ်ကို ချန်ဂီမှာ သွားကြိုလာတယ်။ အကိုတစ်ယောက် ကားနဲ့ အိမ်ပြန်။ စင်ကာပူ ရဲ့ အားထုတ်မှု တွေကို ငေးမျှော် အဲဒါ ဟာ လူ့ယဉ်ကျေးမှု ရဲ့ အဆင့်အတန်းပဲမဟုတ်လား။ဟုတ်လား။ အဲလိုလား ဆိုတော့လဲ အဲလိုလဲမဟုတ်သေးပါဘူး။ အရာဝတ္တု တွေရဲ့ တိုးတက်မှုနောက်မှာ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုဟာ ကပ်ပါလာစမြဲပဲ။ ဒါဟာ စင်ကာပူ မလား။ စင်ကာပူ ရဲ့ အလှဟာ ရုပ်ဝတ္တု ၊ ဒါ ဟာလှနေရမှာပဲမလား။ သူတို့ လှအောင်လည်း အားထုတ်နိုင်ပါပေတယ်။ တော်ပါပေတယ် စင်ကာပူ။ တကယ့်ကို တော်ကြပါပေတယ် စင်ကာပူ။ ဒါပေမယ့် ဒီ အရာဝတ္တုတွေရဲ့ ဖိစီးမှု။ အဲ့ ဖိစီးမှုက မလွတ်မြောက်မှု အဲဒါဟာ ကျွန်တော့်ကို ခြိမ်းခြောက်နေတယ်။ ကိုယ် ကိုယ်တိုင်လဲ ဖိစီးခံချင်လို့ ဒီကိုလာခဲ့ရပြီ။ လူသားဟာ လွတ်လပ်ခြင်းကို မြတ်နိုးတယ်တဲ့။ကဲ....... ထူးဆန်းပါပေ့လူတို့ရယ်။
အိမ်ရောက်တော့... ညီအကို တွေစုံတုန်း ချက်ကစား။ ညီတစ်ယောက် ကို တက်စီ လိုက်ငှားပေး။ ပြီးတော့ ခါတိုင်းလိုပဲ ကိုယ့် မြန်မာပြည် ရှိမယ်ထင်တဲ့ဘက် ငေးမျှော် ၊ ပန်းကလေးရဲ့ အပြုံးလေးတွေကို စားမြုံပြန်၊ သွားခဲ့ဘူးတဲ့နေရာတွေ၊ ပျော်ခဲ့ဘူးတဲ့ အရပ်တွေ၊ ကျွန်တော်တို့ ပျော်ခဲ့ဖူးတဲ့ ရန်ကုန်၊ ကျွန်တော်တို့နှစ်ယောက် သိပ်ချစ်တဲ့ မြန်မာပြည်၊ ကျွန်တော်တို့ မြန်မာပြည် ရဲ့အလှဟာ....................
အ၀တ်အစား ညစ်နွမ်းနွမ်း သနပ်ခါး ပါးကွက်ကျား ထဲမှ အပြုံးတစ်စ ကို လှစ်ခနဲ ကျွန်တော်မြင်လိုက်မိသည်။ ။

တံငါရွာသို့ (၄)
၎ ရက်မြောက်နေ့။
မှောင်နေတယ်၊ အကြီးအကျယ်ကြီး မှောင်နေတယ်။
ဟောဒီမှာ ကျွန်တော်တစ်ယောက်တည်း ကွက် မှောင်နေတာ။ မဟုတ်ဘူး။ ကိုယ့်သူငယ်ချင်းလည်းရှိသေးတယ်။သူရော.. မသိဘူးဗျာ။ စင်ကာပူ တစ်နိုင်ငံလုံး မှာ အလုပ်မရှိ ပဲ ထိုင်နေတာ ဆိုလို့ အဘိုးကြီးတွေရယ် ကျွန်တော်တို့ ရယ်တွေပဲ ရှိမယ်ထင်တယ်။ ဘယ်သွားရမလဲ။ သွားစရာ နေရာ ကုန်သွားပြီ ထင်တယ်။ ဟုတ်ပြီ မနေ့က သွားခဲ့တဲ့ ဘူကစ် စထရိ ကို ပြန်လိမ့်ရမယ်။ သူငယ်ချင်း ကိုခေါ်ပြီး။ တစ်နေကုန် ယူကျု့၊ အွန်လိုင်း၊ အီးဘုတ်။ လူလင်း ပြောသလိုဆို ဖြေဖွနင်း ၊ အင်း ဟုတ်တယ် ခြေကိုဖွဖွ လေးနင်း ငါအသက်ရှင် နေတာ ဘယ်သူမှ မသိစေနဲ့။ ငါ ဖြစ်တည်နေတာ။ ဘယ်သူမှ မသိစေနဲ့။ ဒါပေမဲ့ ငါသိနေတာပဲ။ ငါ ဘာလုပ်မလဲ။ ငါ ဘာလုပ်မလဲ။ ငါ ဘာလုပ်မလဲ။
ဒီလိုနေ့မျိုးဆို လပ်ကီးဆဲဗင်းမှာ ကျစိမ့် ချိုးလေးနဲ့ ထိုင်နှပ်၊ ကဗျာစာအုပ် တစ်အုပ်လှန်။ ဟင် ကျွန်တော့် ကဗျာစာအုပ်တွေ ထားခဲ့ရတယ်ဗျ။ အလိုရှိတိုင်း မလုပ်နိုင်တာ လူ့ဘ၀ ဆိုလားပဲ နှစ်သိမ့်သလိုလို ဖြေသိမ့်သလိုလို စကားလဲ ကြားဖူးတယ်။ အလကားပါဗျာ။ အိုရှိုး ဆိုတဲ့ မုတ်ဆိတ် နဲ့ ငနဲ တစ်ဗွေကတော့ ဦးဏှောက် အလိုကို ပိတ်ပင်လိုက်ရင် လူဟာ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားရမယ်ဆိုလား ပြောဖူးတယ်တဲ့။ ဖတ်ဖူးတာပဲ။ စိတ်တွေက လေနေပြီ။ ဒီအခန်း ထဲမှာ ကျွန်တော်တစ်ယောက်တည်း ပိတ်မိနေတယ်။ အပြင်မှာ ကိုယ် မရင်းနှီးတဲ့ မျက်လုံးစိမ်း။ သူစိမ်း အရာဝတ္တုတွေ၊ အားလုံး စိမ်းကားနေတာမှ ကျွန်တော် ရှိမှန်းကော သိကြရဲ့လား။ သိတယ် လာမပြောနဲ့ လုံးဝကို မယုံတာ။ မေးလ်တွေသာ ပို့နေရတယ် ရီပလိုင်း တစ်ယောက်မှမပြန်။ သိကြရဲ့လားဟင် ကျွန်တော် ခင်ဗျားတို့ ဆီကို မေးလ်တွေ ပို့နေတယ်လေဗျာ။ လေတယ်။ လေတယ်။ အကြီးအကျယ် စိတ်လေတယ်။ ပန်းလေးနဲ့လည်း အဝေးမှာ ..။ အရင်ကဆို လမ်းထဲက ဧကရာဇ်ပန်းလေးတွေကောက်ကောက်လာပြီး ပန်းလေးကို ပေးနေကျ။ ကိုယ့်မှာလည်း အဲ့အနံ့ နဲ့ မွှေးကြိုင်လို့။ ဒီမှာတော့ ဘယ်ကလွင့်လာမှန်းမသိတဲ့ ချောကလက်မီးဖုတ်နံ့ ။ အစက ပဲပုတ်မီးဖုတ်တယ်မှတ်ပြီး ကိုယ့်မြန်မာတွေလည်း အနားမှာ ရှိတာပဲပေါ့ ဆို ၀မ်းသာနေတယ်။ ဘယ့်နှယ့် ပဲပုတ်မီးဖုတ် ရမှာလဲ ချောကလက် မီးဖုတ်နံ့။ တော်တော်ပြင်းတယ် ကျွန်တော့်နားမှာ ရက်စက်စွာ သူတို့ လာဝေ့နေကြတယ်။ အခု ကျွန်တော် ရေးသလို ရက်စက်စွာ လာဝေ့နေတာ။ ခေါင်းတွေက နောက်ကျိနေပြီး။ ကလိုရင်းနံ့ ၊ ချောကလက်မီးဖုတ်နံ့ တကယ် အခု ကျွန်တော် ရေးသလို ကို အနံ့ တွေနဲ့ ခေါင်းနောက်ကျိနေတာ။
ညနေရောက်ဖို့ကို မနက်ကတည်းက ထိုင်စောင့်နေရတယ်။ ကြည်ဇော်အေး အဲလို ဆိုခဲ့ဖူးသလား၊ မမှတ်မိတော့ဘူး။
ခုလည်း ကျွန်တော် ထိုင်စောင့်လိုက်။ ထစောင့်လိုက်။ နေက စောင်း မစောင်းနိုင်သေးဘူး။ စောင်းတဲ့ကိစ္စသာပြောနေတာ ကိုယ်က နေလည်းမြင်ရတာမဟုတ်ဘူး။ နာရီကို ကြည့်နေတာ ချိန်းထားတာက ခြောက်နာရီ။ နေရာက ဘူကစ် အမ်အာရ်တီ ရှေ့ မှတ်တိုင်။ ဟုတ်ပြီ။ ပြန်ရွတ်ကြည့်မယ်။ ချိန်းထားတာက ခြောက်နာရီ။ ဟုတ်ကောဟုတ်လား။ ဟုတ်ပါတယ်။ ခြောက်နာရီပါ။ ခြောက်နာရီ ဒီမှာမမှောင်သေးဘူးလေ။ ပြန်မေးကြည့်ရမယ်။ ခြောက်နာရီ အော် အေး ဟုတ်ပြီး။ ဘတ်စ် မှတ်တိုင်ကနော်။ အော် အေး အေး အေး။
ဘေးအိမ်က ငိုနေတဲ့ ကလေးသံ... အဲဒါ ဇေယျာလင်း ကဗျာထဲကပဲ။ ဖေ့ဘုတ်က လည်း စပေါ်ကတည်းက ဒီအရောင်။ နည်းနည်းပါးပါး အရောင်လေး ဘာလေးပြောင်းပါလား။ နွယ်.. ရှိပါသလား နွယ်။ နွယ်။ နွယ်။ နွယ် မငိုနဲ့လေ။ မောင် မငိုနဲ့လေ။ မောင် မငိုဘူလေး။ နွယ်. လည်းမငိုနဲ့လေ။ အဲလို ဟဲလို ဟဲလို ဘယ်သူလဲ ကို......... ပါလား။ အဲဒါ ဘယ်ကလဲဟင်။ မသိတော့ဘူး။ အဲ့အတိုင်း ကျွန်တော် မသိတော့တာ။ တကယ်။ နာရီ ၂ ချက် တိတိကို ထခွဲ သွားပြီ။ မနက်မိုးလင်း ကတည်းက လူမမြင်ရတာ ၅ နာရီ တိတိ ရှိသွားပြီ။ မျက်လုံး က ကြောင်စီစီ နဲ့ စကရင်ပေါ်မှာ။ ဘာကို ရှာနေတာလဲ။ ဘာကို ကြည့်နေတာလဲ။ ဘာမှ မမြင်ရတော့ဘူး။ ကိုယ့် ကို ကိုယ် တစ်ယောက်တည်း အခန်းထဲက ကွန်ပြူတာ ရှေ့မှာ တစ်ယောက်တည်း ထိုင်နေတာ။ ပြူးကျယ်တဲ့မျက်လုံး အစုံ က စကရင်ပေါ်က မခွါဘူး။ အဲဒါကို ပဲ ပြန်မြင်နေရတယ်။ အထီးကျန်တယ် ဆိုတာ ခု ငါမြင်နေရတဲ့အတိုင်းနေမယ်။ ဟုတ်မှာပါ။ အဲဒါပဲနေမှာ။ လှမ်းဖမ်းလိုက်တဲ့ အသိ စက် တခု ၀ုန်းခနဲ့ ပြန်ဝင်။ ပန်းလေး လေး ပန်းလေး စိမ်းလာပြီ။ ဂွမ်... (မောင်..) တဲ့။ နာရီ ကြည့်လိုက်တော့ ၃ နာရီ ခွဲ။........နောက်........နောက်
ဟာ.. မြန်လိုက်တာ ၅ ခွဲခါနီးနေပြီ မြန်မြန်ရေချိုး။ ထွက်။ ရောက်။ ဘူကစ် နောက်ကျသွားတယ်။ သူတို့က တရုတ်မကြီး ဆိုင်မှာ ဆွဲနေကြပြီ။ ၀က်အူချိုနဲ့ ။ ကိုယ်ကလည်း ၀က်မြင်ရည် အာသာ က ကြွတက်လာတာ လာထားတစ်ပွဲပေါ့။ တရုတ်လိုတွေချည်း ရေးထားတာ ဘာတွေပြောမှန်းလည်းမသိလိုက်ဘူး။ ပိုက်ဆံရှင်းလိုက်တယ်။ စားတယ်။ ကောင်းတယ်။ ဒါပဲလေ ဒါပဲပေါ့။ နောက် ဘူကစ် မနေ့ကလောက်တော့မစည်ဘူး။ ပြီးတော့ ဆက်စတိုး ဆိုတဲ့ ဆိုင်နား ရစ်သီ ရစ်သီ နဲ့ ဒီမှာတော့ ဒါက မထူးပါဘူး။ ကိုယ်တို့ကသာ မြန်မာပြည်က လာတော့ ၀င်ဖို့ကိစ္စ ကို အီရတ်မှာ အသေခံ ဗုံးသွားခွဲ မှာ ကျနေတာပဲ။ ချီတုံချတုံ ၊ ပြီးတော့လည်း မ၀င်ဖြစ်ပါဘူး။ လက်နက်တွေ ကြည့်ရတာ ရက်စက်တယ်ထင်လို့။ အဲဒါနဲ့ ဟိုလျှောက်ဒီလျှောက်နည်းနည်းလောက် သွားပြီး ဘယ်သွားကြအုံးမလဲဆိုတော့ ...... ဟဲ ဟဲ လူကစုံတယ်လေ။ သိတယ်ဟုတ်။ သိပ်နာမည်ကြီးတဲ့နေရာပေါ့။
ပြည် တခု ရဲ့ အဆင့်အတန်းကို သိချင်ရင် ပြည့်တန်ဆာတန်းရဲ့အဆင့်အတန်းကို ကြည့်ရင် ကွင်းခနဲ ကွက်ခနဲ မြင်တယ်ဆိုပဲ။ ဒါပေမယ့် ဒီဝါကျ က အကြောင်းပြချက်တစ်ခုလည်း ဖြစ်နိုင်တာပဲ။သူတို့အတွက်။ အခု ကျွန်တော့်အတွက်ပေါ့။ အယ်ဂျူးနီ ဆိုတဲ့ ဘူတာမှာဆင်း။ လမ်းလျှောက်။ရောက်ဖူးတယ် ဆိုတဲ့ကောင်ပါတာကိုး။ သကောင့်သားကလည်း တစ်ခေါက်ပဲ။ ဒါတောင် ရောက်ဖူးရုံတင်။ လူတွေက လူရိုးမှ ဘုရားစူး လူရိုးတွေ။ ပြီးတော့ ရောက်ဖူးတဲ့အခေါက်ကလည်း မူးပြီး မမှတ်မိဘူးတဲ့။ သွားပါလေရော။ စလျှောက်ကတည်းက ဆန့်ကျင်ဘက် ကြီးလျှောက်သွားတာ ကြာလေ ဝေးလေ။ ကိုယ့် ညီတွေလည်းမနေရပါဘူး။ နံပါတ်ဘယ်လောက်လဲ ဘာလဲ ညာလဲ လှမ်းမေး ။ ရှုပ်ရှက် ကို ခတ်သွားတာပဲ။ နောက်တော့မှ တက်စီ သမား ကြီးကိုလိုက်ပို့ခိုင်း။ သင်း ကလဲ ဘယ်ပို့သွားမှန်းမသိဘူး။ တက်စီခကုန်တာပဲ အဖတ်တင်တယ်။ ခြေကလည်း ညောင်းပြီး။ မညောင်းနေနိုင်ရိုးလား ၈ လမ်း ကနေ လမ်း ၅၀ လောက်ထိအကွာအဝေး လျှောက်လာတာကိုး။ တော်ပြီ။ ဒီမှာတင် တဏှာတော့ တကြောပြတ်ပြီ ဟု ဆုံးဖြတ်ချက်ချ လှည့်ကာပြန်တော့မှ။ အားပါး ပါး လား လား။ မီးအိမ်နီ လေးတွေ။ ဒါ က ဒီ ရဲ့ ထူးခြားချက်။ (နောင် ဒီကိုလာသော နောင်လာနောက်သား ပုရိသများ မပင်ပန်းရရန်အလို့ ငှာ၊ လမ်းနံပါတ်က ၁၈ ဂေ လန်း တဲ့ဗျ မှတ်ထားကြအုံး၊ ကျုပ်တို့လို လည်နေမှာ စိုးလို့)
အံမယ် ရောက်သွားပြန်တော့ အထဲလည်း မ၀င်ရဲပါဘူး။ မ၀င်ရဲဆို။ သိတဲ့အတိုင်း ကိုယ်က သိပ်နာမည်ကြီးတဲ့နေရာ ဘာကြောင့်ကြီးတယ် ဆိုတာ သိချင်ရုံ လာတဲ့လူတွေချည်းပဲမလား။ ဒါပေမယ့် ရောက်မှတော့ ၀င်ကြည့်မှပါကွာ ဆိုတော့။ ၀င်ကြည့်လိုက်တော့။ အားးးးးး လို့ သာအော်ချင်တော့တာပဲ။ လူလူချင်း စတိုးဆိုင်ခန်းမှာ ပြထားသလို ပြ။ အရောင်းအ၀ယ် လုပ်။ သူတို့က လက်ကလေးတွေယပ် အော်လို့အော်။ ကိုယ်ကပဲ အခံမကောင်းလို့လား မသိဘူး ရင်ထဲကို နင့်သွားတာပဲ။ မိုးမှောင်ကြီး ကျသွားတယ်။ လူအခွင့်အရေး ဆိုတာ ကိုယ့် ခန္ဒာကို ကြိုက်သလိုအသုံးချခွင့် လည်း ပါတာပဲဆိုတာ ကိုယ့် နဖူးကိုယ် ပြန်ရိုက်ပြီး ကိုယ့် ကြမ္မာ ကိုယ်စီမံရေး။ ကြီးမားလှတဲ့ စကားလုံးတွေ။ လွှတ်လှတဲ့ စကားလုံးကြီးတွေ။ ဒါပေမယ့် အဲဒါ အိုးးးးးးးးး ကျွန်တော် တို့ဟာ ကမ္ဘာကြီးတဲ့ ကမ္ဘာကြီး ဆိုတာ ဟာ ကျွန်တော်တို့ တဲ့ ပြောလိုက်ပါအုံး ကမ္ဘာကြီး ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကမ္ဘာကြီး ဟာ...................... အဲလိုဟာ ခဲ့ရပါတယ်ဗျာ။ အဲလို ပျောက်ခဲ့ရပါတယ်။ ရှင်သန်ဖို့ ကြိုးစားရင်း နဲ့.........။ ဆရာဂျက် ရေးထားတာ တခုကို သွားသတိရမိတယ်။ လူများကို မွေးမြူ၍ ကျောက်ကပ် သွေး စသည်တို့ ရောင်းစား ဖို့အကြံလေး လှောင်ထားတာလေးပါ။ အော် အဲဒါ နဲ့ စာရင် ဒါက တော်ပါသေးတယ်။ ကိုယ်က ဘာတတ်နိုင်ပါမည်နည်း။ အော်... အော် ..အော်... အော် ..နဲ့ သက်ပြင်းတွေချ ..အဲဒီ အော်တွေသာ အော်ပလိုက်လို့ရရင်.. တကယ် ဒါဒါဝါဒ ကို အော်ထောက်ခံပစ် လိုက်တော့မယ်။
အပြန် ရထားပေါ်မှာ ဒီအကြောင်း ကိုယ့် ဆီမှာ တ၀ဲလည်လည်။ လူတွေ လူတွေ လူတွေ လူတွေ ............... အဲ့လိုသာမဆုံး နိုင်သောအံ့သြ မှုမျိုးနဲ့။ ဒါပေမယ့် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလေ. အသက်မွေးဖို့ လူဖြစ်လာကြတဲ့ လူဘောင် ရသလို အသက်မွေးကြရမှာပါပဲလေ။ ဒါကို ငြင်းလို့ ရှုံ့ချလို့မှ မရတာ။ သူတို့တောင် သူတို့ရှိသမျှဟာလေး နဲ့ အသက်မွေးဝမ်းကြောင်း နေကြတာလေ။ ကိုယ် ကိုယ်တိုင် ကကော အသက်မွေးဝမ်းကြောင်းဖို့ ဒီကိုထွက်လာရတာမလား ကိုယ်ချစ်တဲ့နေရာ၊ ကိုယ် ချစ်တဲ့ ဓလေ့၊ ကိုယ်ချစ်တဲ့အရာတိုင်းကို ခဏ စွန့်ခွါပြီး ...........ကိုယ်တောင် ဒါကိုနာကျင်နေရရင် သူတို့မှာ......
နွယ်(ပန်းကလေး) ပြောခဲ့ဖူးသည်။
ချောတိုင်တက်သမားတွေ၊ ချောတိုင်တက်ရင် တိုင်ထိပ် က အလံ ကိုပဲကြည့်ပြီး တက်ကြရသည်ဆိုလား.........

တံငါရွာ သို့ (၃)
ဒီနေ့ က ရောက်တာ ၃ ရက်မြောက်နေ့။
သူငယ်ချင်းတစ်ယောက် အင်တာဗျူးရှိတယ်။ သူ့သတင်း မျှော်နေတာ။ အပြန် ၀င်လာခဲ့မယ်တဲ့။ ကိုယ်ကတော့ သတင်းစာတွေကြား ခေါင်းရှုပ် လို့ ရော့လားထား ဆန့် ၊ ဆန့် နဲ့ အကုန်လုံးကို မေးလ်တွေ ပို့ အွန်လိုင်း စကရင်ကြီးနဲ့ ခေါင်းချင်းဆိုင် ဟဲ ဟဲ ကိုယ်လည်း သူတို့လိုများ ဖြစ်သွားလေမလား ၊ သိပါဘူးလေ။ ခု လောလောဆယ်တော့ အလုပ်တခု ရမှဖြစ်မယ်။ လူဆိုတာ အလုပ်တခုခုတော့ လုပ်နေရမှာပဲ။ မဟုတ်ဘူးလား အသိတရားလေး ၀င်လာပုံပြောပါတယ်။ မနက်က လည်း နိုးတဲ့အချိန်က ၉နာရီ ပဲ။ ခုထိ ခန္ဒာကိုယ်ကလည်း အလိုက်သင့် မနေနိုင်သေးဘူး။
စောစောထရင် အလုပ် လျှောက်ရပိုလွယ်တယ်တဲ့။ ဟူး ခုလိုနောက်ကျပုံမျိုးနဲ့ဆိုရင်တော့ မလွယ်ရေးချ မလွယ်။ မလွယ်။
ပြီးတော့ ဒီမှာ တခုပြသာနာက ရေ။ ရေ။ ရေ။ ကလိုရင်းနံ့ က လူ မှာ စွဲနေပြီ စိတ်လေတယ်။ မနန်းတို့ ကိုချမ်းတို့ ကိုမျိုးဇေယျာတို့ အင်္ဂလန် ကျွန်းကတော့ ရေအရင်းအမြစ်ဘယ်လိုနေမယ် မသိ၊ ကိုယ်ကတော့ ဒီ ကလိုရင်းနံ့က အကုန်လုံးမှာ လိုက်နံ့နေတယ်။ ကိုယ်တို့ဆီမှာ ဆို ဂျိုးဖြူရေ၊ တွင်းရေ၊ အ၀ီစိ ရေ၊ လတ်ကို ဆတ်နေတာပဲ လတ်ဆတ်တဲ့အရသာ ဆိုတာ ဘာလဲ ခုမှသိတယ်။ အဲဒီ ကလိုရင်း ရေတွေနဲ့ပဲ ရေပန်းတွေလုပ် ဘာတွေလုပ်။ တစ်ကျွန်းလုံး ကလိုရင်းနံ့ ကို ကြိုင်နေတာပဲ။ ကလိုရင်းနံ့ သင်းသော ကျွန်းကလေး လို့ နာမည်ပေးရမှာ။ တံငါရွာ (သို့) ကလိုရင်းနံ့ သင်းနေသော ကျွန်းကလေး ဟ ဟ ဟ။ ကောင်းပါ့။ မနက်စာ ထမင်းကြော် နဲ့ ပဲပြုတ်၊ ဒါကတော့ သိပ်မကွာဘူး ပြီးတော့ ဟင်းတွေကလည်း ပါလာသေးတာ ဆိုတော့ ဟဲ ဟဲ အေးဆေးပေါ့။ (ဧကရာဇ်)ပန်း ကလေး နဲ့ချက် စကားတွေပြော (ဧကရာဇ်)ပန်းကလေး ပို့လိုက်တဲ့ မေးလ်ကို အလွတ်ရအောင်ဖတ်။
ဟော.. ထူးအိမ်သင် ရဲ့ အမေ့အိမ်သီချင်း။ ဖုန်းဝင်လာပါပြီဗျာ(ဘယ်ရမလဲ လူတိုင်း ငိုချင်စိတ်ပေါက်သွားအောင်ကို လုပ်ထားတာ)။ ဒီကောင်တော့ ဘူတာရောက်နေလောက်ပြီ။ ထွက်လာခဲ့မယ် တဲ့။ သူ အင်တာဗျူး သွားတဲ့နေရာနဲ့ ကိုယ့် နေရာနဲ့က တစ်ဘူတာပဲ ဝေးတာရယ်။ ခု ထွက်သွားရင် ကွက်တိပေါ့။ လမ်းမှာ သတင်းစာတစ်စောင် ၀င်ဆွဲလိုက်သေးတယ် အင်း ဒီမှာတော့ သတင်းစာ ၀ယ်ဖတ်ရတာ တန်သား။ အထူကြီးပဲ ဟိ ဟိ။တစ်စောင် မှ ၈၀ ဆင့်။ သတင်းစာလေး ဖတ်ပြီးစောင့်နေတာ ကိုယ်တော်ချောက တော်တော်နဲ့ ရောက်မလာသေးဘူး။ နောက် ဖုန်းဝင်လာတယ် ရှည်ပြီး ဘတ်စ် စီးသွားတာ နောက် တစ်ဘူတာ ဘွန်းလေး ကိုရောက်သွားတယ် ကိုယ်လည်းသူ့ကို သွားခေါ် ၊ မနက်ကတည်းက ဘာမှ မစားရသေးဘူး ၊ အင်တာဗျူးက လည်း ရက်ရက်စက်စက် ပြောလွှတ်လိုက်သေးတယ် ခက်ပါ့။ လူတွေများ ကိုယ်တို့ မြန်မာ တွေဆို သိပ်နှိမ်ချင်ပါ့။ ဟို ရက်ပါ ဆိုတဲ့ သီချင်း နဲ့ ကုန်းအော်ပလိုက်ချင်တယ်။ ငါ့အလှည့်ကျ မိုးကြိုးပါ ပစ်ချမယ် လို့။ ဘယ့်နှယ့်ဗျာ ဘွဲ့ ရလူတွေကိုများ ဝေါ့ ပါမစ်နဲ့ခိုင်း ချင် ကြသတဲ့။ တော်ပါလို့။ လုံးဝ မလုပ်နဲ့လို့ မြှောက်ပေးလိုက်တယ်။ သိတယ်မလား ဒီက ကောင်တွေက မာနက ခပ်ကြီးကြီး ရယ်။ သူတို့ထက် နိုင်ငံ ပိုကြီးတယ်။ နိုင်ငံကြီးသားကွ နော့လေဗျာ။
ဒီကောင့်ကို အလှုလက်ဖက် နဲ့ မျက်နှာလုပ် ထမင်းကျွေး။ ယူကျူ့တို့ ဘာတို့ ညာတို့ မြန်မာပြည်မှာ တခါမှ မလုပ်ဖူးတဲ့ ဘာတဲ့ တိုက်ရိုက် ဘာရှိုး ဆိုလား ဒါလည်း တစ်ကြောင်း နှစ်ကြောင်း ချက်လိုက်သေးတယ်။ သူတို့များကျ တယ်လွယ်ပါ့။ ကွန်ပြုတာ တစ်လုံး နဲ့ ၀င်ငွေဖြောင့်နေလိုက်ကြတာ။ သိပ်တော့ စိတ်ဝင်စားစရာမရှိပါဘူး။ စိတ်ဝင်စားစရာလည်းမကောင်းဘူး။ ကိုယ်ကလည်း အဲလိုစိတ်မှမ၀င်စားတာဆိုတော့။ သူလည်း နည်းနည်း စိတ်ညစ်လာပုံရှိတယ် အိပ်ပျော်သွားတယ်။ အဲဒါနဲ့ ကိုယ်လည်း လုပ်စရာရှိတာလုပ် ချက်စရာရှိတာချက် ဆန့် စရာရှိတာ ဆန့် ပြီးတော့ သူ့နှိုး ၊ သူပြန်၊ လိုက်ပို့။ ကိုယ်လည်း ပြန်လိမ့်လာ။ အဲဒီမှာ အွန်လိုင်းက အသိတစ်ယောက် ပင်နယ်ဆူလာ လာခဲ့ပါတဲ့။ ပင်နယ်ဆူလာ ဆိုတာအားလုံး သိကြတဲ့ အတိုင်း ကိုရွှေမြန်မာတို့ စုဝေးရာ။ ကောင်းလေပြီ။ ကိုယ်လည်း ပျင်းနေတာ လိမ့်ခဲ့မပေါ့။ဘယ်လိုလာရမလဲ ပေါ့။ စသဖြင့်မေး။ ရေ မိုး ချိုး ထွက်လာလိုက်တယ်။ မြန်မာတွေ.. မြန်မာတွေ .. စင်ကာပူ ရောက်မြန်မာတွေ ဘယ်လိုတွေပါလိမ့်???
စီးတီး ဟောလ် မှာ ဆင်း။ အထွက်မှာ ကွိုင်တက်တော့တာပဲ မြေအောက်လမ်းတွေ က လမ်းခွဲတွေ အများကြီးနဲ့ ဟိုဘက် ပဲ သွားရမလား ဒီဘက်ပဲသွားရမလား(ကိုယ်က ကြွက်မှ မဟုတ်သေးတာ နော့)။ ကိုယ့်မှာ မြေပေါ်တက်ကြည့်လိုက် မဟုတ်သေးပါဘူး ပြန်ဆင်း နဲ့ မြေအောက်လမ်းမှာ ၀င်စို့ထွက်စို့ လုပ်နေရတယ်။ ဒါလည်း မတွေ့ဘူး နောက်ဆုံး ဖုန်းဆက် လာခေါ်ခိုင်းရတယ်။ အဲ့ကျမှပဲ ပင်နယ်ဆူလာ ဆိုတာ ရောက်တော့တယ်။ ဟုတ်ပ။ မြန်မာဆိုင်တွေချည်းပဲ။ ဒီမှာ တခုချီးကျူးဖို့ကောင်းတာက မြန်မာဆိုင်တွေတင်မကဘူး မြန်မာမဂ်ဂဇင်း (နာမည်က သဇင်) မြန်မာ ဂျာနယ် (နာမည်က ခေတ်သစ်မြန်မာ) စတာတွေရှိသတဲ့။ ကောင်းလေစွ ကောင်းလေစွပေါ့။ နောက် အောက်ထပ်မှာ ရှမ်းခေါက်ဆွဲ ၀င်စား မြန်မာတွေချည်းပဲဆိုတော့ မြန်မာလို မှာ မြန်မာလိုစား အားရပါးရကြီး ပဲ။ မြန်မာဘီယာ ရမလားလို့တောင် လိုက်မေးလိုက်သေးတယ်။ ဘူးရှိတယ် ပုလင်းရှိတယ် ဘာညာပေါ့။ ထားပါ။ နောက် စာအုပ်ဆိုင် မြန်မာပြည်က စာအုပ်တွေ ရသတဲ့ဗျ။ ကောင်းတဲ့ ကိစ္စပဲ။ ကောင်းတယ် ကောင်းတယ်ပေါ့။ ကိုယ့်မြန်မာတွေ သိပ်ပေါ။ သိတဲ့အတိုင်း စည်းကမ်းကိုတော့ သိပ် မသိကြဘူး။ ပလက်ဖောင်းပေါ်အရက်သောက်တယ်။ ကွမ်းသွေး အပြည့်နဲ့တဲ့အရင်က ခုမှ 30 ဆိုလို့ မလုပ်တော့တာတဲ့။ ထားပါတော့။ အဲဒါတွေပြောရင် အန္တရာယ်များတယ်။ ကိုယ် ကိုယ်တိုင်က မြန်မာဆိုတော့ ကိုယ့် ပေါင်ကိုတော့မလှန်ထောင်းချင်ပါဘူးဗျာ။
နောက် ဘူဂစ် စထရိ ကိုသွားကြမယ်တဲ့။ ဘတ်စ်ကားနဲ့ ။ မြင့်သား။ မားစီးဒီး ဗျ။ ဒါကတော့ တကယ့် စင်ကာပူ အနော်ရထားလမ်းပဲ စထရိမားကတ် ခေါ်ပေမပေါ့ဗျာ။ပေါချောင်ကောင်းတွေ ရတယ်။အကုန်ပေါ အကုန်ချောင် အကုန်ကောင်း သလားတော့ ကျွန်တော်လည်းသေချာမသိဘူးဗျ။ လူငယ်တွေ လူရွယ်တွေ တရုတ်မလေး တွေ လွှတ်ဖြူ လွှတ်ကြည့်ကောင်း အင်း အစက စင်ကာပူ က ကောင်မလေး တွေ အကုန်လုံး မျက်မှန် နဲ့ ၀က်ခြံ နဲ့ချည်းလို့ ကိုယ့်ဘာသာ သတ်မှတ်ထားတာ မဟုတ်ဘူးပဲ။ နောက်နေ့ ကိုယ့်သူငယ်ချင်းတွေကို ခေါ်လာရမယ်။ သူတို့ကို လိုက်ပြရမယ်။ ဘူဂစ်မှာလည်း မျက်မှောင်ကျုံ့ထားရတုန်းပဲ ဒီအရောင်တွေ ဒီအလင်းတွေကို အကျင့်မှ မဖြစ်သေးတာကိုး။
အပြန် လမ်းခွဲ။ သူတို့က လာဗင်ဒါ။ ကိုယ်က ပိုင်အိုးနီးယား တစ်ဖက်ဆီပဲ။ ရထားလာ။ ရထားပေါ်တက်။တက်သာ ပြောရတယ် မြန်မာပြည်က စကားစွဲနေတာ အမှန်က တက်တာ မဟုတ်ဘူး ဒီအတိုင်း လျှောက်ဝင်လိုက်တာ ရယ်။ လူတော့ပြည့်နေတယ်(နောက်မှသိတာ ထိပ်ပိုင်းတွေ နောက်ပိုင်းတွေဆို ချောင်တယ်ဆိုပဲ) အဲကွန်းနဲ့၊ လူတွေက အလုပ်ကအပြန်ဆိုတော့ နံဟောင်နေတာပဲ။ ဒါမျိုးတွေ မကြိုက်တာ။ ပြီးတော့ အတွဲလေး တွေလည်း တွေ့တယ်။ သင်းတို့ခမျာ သနားစရာ မရှိတဲ့အချိန် ရတဲ့နေရာမှာချစ်တင်းနှီးနှောနေရတာ(နမ်းပြု ဖက်ပြု ဒါပြောပါတယ်)။ ကျုပ်တို့ ရန်ကုန်က ပန်းခြံတွေမှာ သာသာယာယာ ကြည်နူးနေကြတဲ့ အတွဲလေးတွေကို ပြချင်တယ် လွတ်လည်းလွတ်လပ်၊ သာယာတဲ့ ရှုမျှော်ခင်းကြီးထဲမှာ လေကောင်းလေသန့် တ၀ကြီးနဲ့ အဲလို ချစ်ကြရပါတယ် ဒီကလူတွေမှာတော့ ချစ်ရတာတောင် အော်.. သနားစရာ သနားစရာ။ ကွာပါ့နော်။ (ရန်ကုန်က ကျွန်တော့် ဒီစာကို ဖတ်နေတဲ့ သူများလည်း နေရတုန်း ကိုယ့်ချစ်သူကို တန်ဖိုးထား သာယာတဲ့နေရာတွေမှာ အမှတ်တရတွေအများကြီးထားကြဗျ ဒါမျိုး နေရာရောက်ရင် သွားပြီပဲ၊ စကားချပ်)
ပြန်လာတော့ တော်တော်တော့ နောက်ကျနေပြီ။ ခက်တာက လူက တုံ့ပြန်မှုက ၉နာရီကျော်လောက်ပဲ ရှိသေးပုံမျိုး။ အဲဒီ အချိန်နဲ့တော့။ ငါကွာ...။ အိပ်ကလည်း မအိပ်ချင်။ ခါတိုင်းလိုပဲ ဘာကွာ သလဲ ဘာလဲ ညာလဲ သူ့ဆီ နဲ့ကိုယ့်ဆီ အင်း လွတ်လပ်မှု .. ဘာတဲ့ လွတ်လပ်မှု ဒီကလူတွေက နိုင်ငံရေး ဆိုတာလည်းမသိ ထမင်းစားဖို့ပဲ ကျုံး ရုန်း လုပ်နေကြတယ် တကယ်ဗျ.. မေးကြည့် ခင်ဗျားတို့နိုင်ငံ အုပ်ချုပ်တာ ဘာစံနစ်လဲမေး တော်တော်များများ မသိကြဘူး အလုပ်ကို မလုပ်မနေရ ပုံမျိုးဖြစ်အောင် လုပ်ထားတာ၊ အစိုးရ က ခပ်မြင့်မြင့် ခံစားမှုတွေကို ထုတ်ချေး အဲ့အပေါ်ကိုအလုပ်တွေနဲ့ ပြန်ဆပ် အဲဒါနဲ့ပဲ ဒီက ဘ၀တွေ .. ဆုံးသွားကြတာ များတယ်တဲ့။ သူတို့ ဖတ်တဲ့စာအုပ်တွေမှာ ကြည့်လိုက် ရင် မန်းနေ့မန့် ၊ ဟောင်းတူအင်ပရု၊ နောက် ကျောင်းစာအုပ် အော် ဘာတဲ့ အဆင့်အတန်းမြင့်တဲ့ လူနေမှု ဆိုလား၊ ဟက် ဟက်..
ကျွန်တော်ကတော့ အဆင့်အတန်း မြင့်၊ အသိဥာဏ် လွတ်လပ်ခွင့် ရှိတဲ့ လူပဲ ဖြစ်ချင်တာရယ်၊ တကယ်။ ။

တံငါရွာသို့ (၂)
ဟယ်လို ဟယ်လို ဟယ်လို...
*************************
***************************
တီး တောင်... တီး တောင် alarm သံတွေ..
ဖုန်းတွေ ကို မျက်နှာ ရှေ့ ထား ၊ ပြုံးလိုက်ရီလိုက်၊ ရွေးလျား လှုပ်ရှားနေတဲ့ အရာဝတ္တု တွေနဲ့ ၊ အရောင်က စုံလိုက်တာ သေချာတာကတော့ ကျွန်တော့် မျက်လုံးကို မျက်မှောင်ကျုပ်ထားရတယ်..
MRT စီးနေတာလေ။ မနက်ကနိုးတော့ ၉ နာရီ။ သူတို့က ဟောင်ကောင်ကို အဖေ တော်ထားတော့ အချိန်တွေက တလွဲ။ ကိုယ် ထ နေကျ အလင်းရောင်မဟုတ်ဘူး။ မနည်း ထရတယ်။ ပြီးတော့ အင်တာနက် သုံး။ ပျင်းလာတော့ ညီတစ်ကောင် ဆီ ဖုန်းဆက် သူက အားတယ် လာခဲ့ပြောတာကိုး။ အဲတော့ ကိုယ်ကလည်း MRT ကဒ်လေး တကိုင်ကိုင် ယားတား ယားတား ဆိုတော့ တစ်ယောက်တည်း ထွက်လာလိုက်တာ။ ထွက်လာတော့ကို ၁၂ ထိုးခါနီးနေပြီ။ အရိပ်က ကိုယ့်အောက် မရောက်သေးဘူး။ ပြည့်စုံ ရဲ့ ကဗျာတစ်ပုဒ် ကိုတောင် သွားသတိရမိသေးတယ်။
မြို့ထဲရောက်တော့ MRT က မြေအောက်ရောက်သွားတယ်။ မှောင်နေတာပဲ ဘေးမှာ ဘာမှ မမြင်ရတော့ဘူး။ လူတွေ ကိုယ့်ကို ကိုယ် သတ်သေတာ များလွန်းလို့ မြေအောက် ဘူတာတွေအကုန်လုံးက က အလုံပိတ်တွေ အခန်းတခု မှာ
လူတွေ ဘာကိုစောင့်နေမှန်းမသိ မီးရောင် ကြီးကို စောင့်နေတယ် လာပြီးဆို တံခါးဖွင့် ၀င်သွားလိုက်ကြတာ ဟော နောက် ဘယ်နှခါ တံခါးအဖွင့်မှာ ဆင်းရမယ်... ဟ ဟ ဟ ဟ ...ဘေးက လည်း မှောင်မည်းလို့ သိပ္ပံ ဇာတ်ကားတွေထဲပဲ ရောက်သွားသလို လို... နောက် ညီ နဲ့ တွေ့တယ် ဒါတောင် တော်တော်လည်နေသေးတယ် သူ့အိမ်ရှာရတာ။ တခု ချီးကျူး ရမှာက ဒီမှာ ဘယ်နေရာ ဖြစ်ဖြစ် စိမ်းစိုနေတာပဲ သဘောကျစရာ။ နောက် ဒီကလူတွေက တော်တော်ကြီးကျယ်ကြတယ် ကား လေး နည်းနည်း ဟောင်းသွားရင်ကို အသစ်လဲချင်နေကြတာ။ ဆဲလိုက်ရင် မကောင်းနေတော့မယ်။
နောက် ညီက အောချက်မှာ နေ့လည်စာလိုက်ကျွေးတယ် ပြောရအုံးမယ်။ အောချက် ဆိုတာ တကယ့် ဘရန်းဒက် ပစ္စည်းတွေ ရောင်းတဲ့နေရာပဲ ဈေးတွေကလဲ လန်းတယ် ပစ္စည်းတွေက လည်း လန်းတယ် ရှယ်ပဲ။ ပြင်သစ်တို့ အီတလီတို့ပဲ ရောက်သွားသလိုလို နည်းတဲ့ ရှော့ပင်းမောလ်ကြီးတွေမဟုတ်ဘူး။ မြေအောက်လမ်းတွေကလည်း ရှုပ်ယှက်တွေခတ်လို့ ကိုယ်လဲ တော်တော်ကြာကြာ မြေအောက်မှာ ဟိုသွားလိုက် ဒီသွားလိုက် နဲ့ တဖြည်းဖြည်း ကြွက်ဆော်နံလာသလိုလို နေရာတိုင်းမှာ အဲကွန်းနဲ့ မီးတွေ က စူးစူးရဲရဲ နဖူးကြောတောင်တော်တော်ညောင်းလာတယ် မျက်မှော ကျုပ်ထားရတာ။ အပြင်က အလင်းကို မြင်လိုက်ရင်ကို လူကို ရှုးရှုးရှဲရှဲ ဖြစ်သွားတယ်။ ထူးဆန်းနေမိတယ်။ အော် ဆန်းပါ့ တံငါရွာ၊
နောက် အောချက် က ဂျပန်ဆိုင်မှာ ဗော်ကေးနိုး ဆိုလား စပ်စပ်နဲ့ ခေါက်ဆွဲပြုတ်စားကြတယ်..အားပါးပါး လားလား ဒီမှာအစားအသောက်ဈေးတွေက သိပ်ကြီးပဲ မနေ့က ၀ယ်လာတဲ့ ချီးဗား တစ်လုံးစာလောက်နီးပါး သွားကျတယ်။ ဒီလောက်တော့ ရှိမှာပေါ့ လူနေမှု အဆင့်အတန်းမြင့်မားတယ် ဆိုနေကြတဲ့ မြို့ကြီးမလား။ အဲ့အတွက်ပဲလူတွေခမျာ
ကြုံး ရုန်း လုပ် မအားလပ် အနုပညာဆိုတာ ဘယ်ဆီဘယ်ဝယ်။ အသိပညာ နတ္တိ။ စဉ်းစားဆင်ခြင် ပိုင်းဖြတ်မှု နိုး ။ အော်လူတွေ တည်ဆောက်နေတဲ့အပိုင်းတခုမျှ အုပ်ချပ်တခုမျှ လုပ်ဟ လုပ်ဟ လုပ်ဟ နဲ့ ကိုယ့်ဖင်ကို ဆောင့်ကန်ပြီး
မနက်ဆို ၀ုန်းကနဲ ထ၊ သွက်သွက်လုပ်၊ မအေးချမ်းလိုက်တာ၊ မော်ဒန်တွေ ပို့မော်ဒန်တွေ ဆာရီရယ်လစ်ဇင်တွေ အိတ်စပရှင်းနစ်ဇင် တွေ သွားပြောကြည့် ပြောတဲ့လူ အရူးပဲ၊ အင်း ကောင်းပါတယ် သူတို့က ချိစ် ဆီကို အနံ့ ခံပြီး တန်းသွားကြတဲ့ ကြွက်တွေပေါ့ ဒါကြောင့်လဲ မြေအောက် လမ်းတွေများတာနေမှာပေါ့။
ရုပ်ရှင် ကြည့်မလို့ အချိန်ကြည့်လိုက်တော့ နေ့လည် ပဲရှိသေး။ ညမှ အောချက်ကို ထပ်လာကြည့် အရမ်းမိုက်တယ်လို့
ညီ က ပြောတော့ အေးညမှ လာမယ်ပေါ့။ ခု တော့ ဆန်တိုဆာ သွားကြတာပေါ့ဆိုပြီး အရှေ့တောင်အာရှ မှာ သိပ်နာမည် ကြီးတဲ့ ပျော်စရာ ကျွန်းကို သွားကြတယ်။ ရထားက ၂ ဆင့် ဒီလိုပဲ တံခါးပေါက်နားမှာ ၀င်ခွင့် ပေးတဲ့ အချိန်ထိ စောင့် ပြီးတော့ ၀င်၊ နောက် ထွက် ကိုယ် သွားချင်တဲ့နေရာရောက် ဟ ဟ အဆင်တော့ ပြေသား ၊ ဒါပေမယ့်
ရန်ကုန်က ဘတ်စ်တွေ ပေါ်မှာ တွေးရင်း ငေးရင်း ဘ၀ တွေကို လူတွေ ကို ရှုစားရတာကို တော့ ဘာနဲ့မှမလဲနိုင်ဘူး။
အင်း ဆန်တိုဆာတော့ရောက်ပြီ။ အလည်လာတဲ့လူတွေနဲ့ တချိန်လုံး စည်နေတာပဲ။ တကျွန်းလုံးက လူက ဖန်တီးထားတာ တော်တော်တော့လုပ်နိုင်တဲ့လူတွေပဲ။ အင်းလုပ်ရပေမပေါ့လေ။ သူတို့ ရဲ့ အနေအထား ပတ်ဝန်းကျင် က လုပ်မှကို ဖြစ်မယ်မလား။ လုပ်ပေါ့။ စကိုင်း ပတ်က်။ ဒီလိုပါပဲ တိုက်ပေါ်မှာ မလှလှအောင် လုပ်ထားတာ။ သိပ်စိတ်ဝင်မစားလှပါဘူး။ နောက် ဆန်တိုဆာ အိတ်စပရပ် စီးပြီး ဆန်တိုဆာကို ကူးတယ်။ ကေဘယ်လ် ကားတွေ သွားစီးမလို့ ဟဲ ဟဲ ကိုယ့်မှာ အတွဲမှ မပါတော့ အဆင်မပြေလှဘူးပေါ့။
ဆန်တိုဆာ လုပ်ထားတာတော့ တကယ်ကြီးကြီးမားမား ကြီးတွေပဲ လှလည်းလှတယ်။ ရေရှားလို့ပဲတော်တော့တယ်။ ရေတော့ တော်တော်သုံး ရေပန်းတွေ ဘာတွေ နောက် ကာစီနိုလည်းရှိတယ်။ 21 အောက် မ၀င်ရတဲ့။ ပြီးတော့ နိုင်ငံသားဆို အရင် 100 ပေးရတယ်။ သူတို့ နိုင်ငံပိုက်ဆံတွေ မပါအောင်လေ။ ကာစီနိုက တော်တော်တော့ခမ်းနားတာပဲ။ ကာစီနို အတက်လမ်းမှာ လုပ်ထားတာလေးတွေ တော်တော်လန်းတယ်။ ဒါကိုတော့ သဘောကျတယ်။ အောက် ယူနီဗာဆယ် စတူဒီယို ၀င်ချင်လိုက်တာ။ ဒါပေမယ့် ၀င်တဲ့လက်မှတ်က ဘွတ်ကင်လုပ်ရတာဆိုပဲ ကိုယ်လဲသိပ်မသိပါဘူးလေ။ အထဲမှာတော့ စတူဒီယို အတိုင်း အကုန်ကို စုံနေအောင် လုပ်ထားတာ။ ဘီလူးကြီးရှရင့်၊ အများကြီးပါပဲ ကိုယ်လဲသိပ်မမှတ်မိဘူး။ အထဲမှာတော့ တော်တော်မိုက်မယ်။ ပြီးတော့ စင်ကာပူ ရဲ့ မာလိုင်းယွန်း ကြီး ဒီလိုပါပဲ ရုပ်ထု ကြီးပါပဲ ကျွန်တော်ကိုက ကိုယ့်နိုင်ငံကို သိပ်အထင်ကြီးနေလို့လား မသိဘူး ဆန်တိုဆာဆိုတာလည်း သိပ်တော့ မထူးပါဘူး သူတို့လုပ်ထားတာလေးတွေ ငေး သဘောကျရုံလောက်ပဲ အဲလောက်ကြီး တော့လည်း မဟုတ်ပါဘူး။ အဲလိုပဲ ကျွန်တော်က ထင်တယ်။ သူတို့ ရဲ့ ကြိုးစား ထားတာတွေကိုတော့ သဘောကျမိပါတယ်။ မာလိုင်းယွန်း ရဲ့ ဒဏ္ဍာရီကိုလည်း သိရပါတယ်။ မလေးရှား မင်းသားတစ်ပါး လာ ဘာညာ ဘာညာ ပေါ့ ဒါက စင်ကာပူ ရဲ့ လာဘ်ကောင်ဆိုလား။ ကံကောင်းခြင်းတွေ ယူဆောင်ပေးပါတယ် ဆိုလား။ ထားပါတော့ ကံကောင်းတယ်လို့ပဲ။
နောက်ဆန်တိုဆာ က ပြန် ရုပ်ရှင် သွားကြည့်ကြတယ်။ အောချက်မှာ အစက အင်ဆက်ရှင်း ကြည့်မလို့။လက်မှတ်မရတာနဲ့ ရှောဟောက်စ် မှာပဲ တိက်ကန် ကြည့်ရတယ်။ ရုပ်ရှင်ရုံတွေက လူနည်းတော့မိုက်တယ် ကြည့်ရတာ အဆင်ပြေတယ်။ ဒါကိုတော့ တော်တော်သဘောကျမိတယ်။ ဇာတ်ကားကလုံးဝ မကောင်းဘူး ၇ ဒေါ်လာလေး နှမြောလိုက်တာ မှ။ အပြန်တစ်ယောက်တည်း ဟိုတွေးဒီတွေး နဲ့ အမ တွေ အိမ်တွေ ပတ် လည် အလုပ်ရှာဖို့ စနေနေ့ သတင်းစားယူ၊ အိမ်ပြန်လာ ညထိ လူတွေ ကလည်ပတ်တုန်းပဲ စက်တွေကလည်း လည်ပတ်တုံး သေခြင်းကို ဘယ်သူမှ စကားထဲထည့်ပြောမနေကြဘူး။ အရာဝတ္တု ကြီးတွေ အိမ်ထဲမှာ ထိုင်နေကြတယ် ဇယားတွေကို ရှာနေကြတယ်။နားနားနေနေ ရီမောသံ မကြားရဘူး ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့
စကရင် တွေ ကို စိုက်ကြည့် လို့ မျက်စိညောင်းလာတော့ ၀ှား အိပ်ရာထဲဝင်.............
ဒီမှာက မီးမပျက်ဘူးလေ .. အကုန်လုံး သာမန်အတိုင်း လင်းထိန်လို့ မနက်က စီးခဲ့တဲ့ MRT ကြီးတွေလည်း နောက်ဆုံး အခေါက်အနေနဲ့ လည်ပတ်.........ဒီလိုနဲ့ အပင်ပန်းမပြေပဲ အနားယူခဲ့ရတဲ့ မြို့ကြီး အဲဒီမှာ ပင်လယ်ဘက်ကလေတွေက သုတ်ကနဲ လမ်းပေါ်မှာလည်း ကားတွေက ၀ူးခနဲ ကျွန်တော်ကလည်း ပြုတင်းပေါက်က တစ်ဆင့် ဝေတွေတွေမျက်လုံးတွေနဲ့ ပင်လယ်ဘက်ကို ငေးမျှော်လို့....................

`နွယ်´ သို့ ပေးစာ
`နွယ်´
ကျွန်တော် ဆိုတာ ဘာကို ဆိုလိုသည်လဲ ၊ `နွယ်´ ကို ချစ်နေသည်ဟု ဆိုလိုသည်။ ကျွန်တော် ဆိုတဲ့ နာမ်စားတစ်ခု သုံးလိုက်တိုင်း `နွယ်´ ကိုချစ်သည်ဟု အတွေးတစ်ခု ခေါင်းထဲပွင့်သွားသည် သွေးကြောများထဲရှော့ဝင်သွားသည်။
ကျွန်တော် သည် နိမိတ်ပုံ ဖြစ်သည် ၊ နာမ်စားမဟုတ် ၊ နွယ့် ကိုချစ်နေသည် ဆိုသော ကျွန်တော့် နှလုံးအလို ၊ စိတ်အလိုတစ်ခု ၏ နိမိတ်ပုံ၊ ဒါမှမဟုတ် `နွယ်´ အပေါ် တွင် ရှိနေသည့် ခံစားချက်တစ်ခု ၊ ထိုအရာသည် ချစ်ခြင်း ၊ ရှေးစကား ဆိုရိုး သိမှု အမှတ်သညာ ၊ ဘာသာပေါင်းများစွာ ၌ ဖွင့်ဆိုမှု ၊ စသည်တို့ဖြင့် ချစ်ခြင်း ဟုသတ်မှတ်ရပေမည်။ သို့သော် ထို့ထက် ပိုသော အခါ ပြောစရာ စကားမရှိ ၊ ဘာသာစကား လက်မဲ့ ၊ ကျွန်တော် က်ျ သို့ဆိုမည်။ ကျွန်တော် `နွယ့်´ အပေါ်မှာ ရှိနေတဲ့ ချစ်ခြင်း+++ ၊ >အချစ် က်ျသို့ပင် ဆိုရချိမ့် ၊ ကျွန်တော်တို့ ဘာသာစကားမှာ မရှိသေး ၊ သင့်သလိုသာ ဆိုရမည် ၊`နွယ်´ ကိုချစ်သည် ၊ က်ျသို့ပင် ရိုးရှင်းစွာ ကျွန်တော်ဆိုမည် ၊ သို့သော် ကျွန်တော် အားမရ ၊
ထပ်ရ်ျ ဆိုပါမည် `နွယ်´ ကို ချစ်++ သည်။ ဟုတ်တယ် `နွယ်´ ၊ `နွယ်´ ဆိုသည်မှာ ကျွန်တော်ကိုးကွယ်သော နတ်ဘုရားမ တစ်ပါး လည်းဖြစ်သည်။ ကျွန်တော်၏ ကြောက်ရွံ့မှု ၊ စိုးထိတ်မှု ၊ သိမ်ငယ်မှု အားလုံးကို စင်စေလျက်
ပျော်ရွှင်ခြင်း ၊ ပြည့်စုံခြင်း ကို လက်ဆောင်ပေးသည်။ က်ျသို့ ကိုယ့်ကို အကျိုးပြုသူကို နတ်အဖြစ် ကိုးကွယ်ကြသော အစဉ်အလာကို ကြားဖူးသဖြင့် `နွယ့်´ ကို ကျွန်တော် ကိုးကွယ်သည်။ `နွယ်´ခွဲသွားမှာ ကြောက်သည်။ `နွယ့်´အချစ်
တို့ ကျွန်တော့်ပေါ် လျော့နည်းသွားမည်ကို ကြောက်သည်။ `နွယ့်´မျက်နှာလေး ပျက် ၊ စိတ်ညစ်သွားမှာ ကြောက်သည်။ က်ျသို့ အကြောက်တရားကို ယဇ် ပူဇော်ကြသော အစဉ်အလာကို ကြားဖူးသဖြင့် `နွယ်´ ကို ကျွန်တော် ဟူသော လူတစ်ကိုယ် အဖွဲ့အစည်း ၊ သိမှု အဖွဲ့အစည်း ဖြင့် `နွယ့်´ ကိုယဇ်ပူဇော်ပါသည်။ `နွယ်´ ခံယူပါကုန် ၊ `နွယ်´ ကျွန်တော့်ကို ကောင်းချီးပေးပါကုန် ၊ ချစ်မြတ်နိုးပါကုန် ၊ က်ျသည်မှာ `နွယ့်´ကိုချစ်သည် ဟု
ကိုယ်စားပြုသော ကျွန်တော့်အတွက် လူအဖြစ်ကို ပေးသနားခြင်း ဖြစ်သည်။ ဂုဏ်သိက္ခာ ကို ပေးအပ်ခြင်းဖြစ်သည်။
ကမ္ဘာသစ်ကို ဖန်တီးပေးခြင်းဖြစ်သည်။ လူ နတ် စည်းစိမ် တို့၏ အမွန် ကို ပိုင်ဆိုင်စေခြင်းဖြစ်သည်။ နိဗ်ဗာန် သို့ မျက်မှောက် ပြုရခြင်း ဖြစ်သည်။ `နွယ့်´ ကို ကျွန်တော် ချစ်နေရခြင်း၊ မြတ်နိုးရခြင်း ဖြစ်တော့သည်။
ထွန်းနွယ်
(သူမ ပိုင်ဆိုင်သော စာများထဲမှ တစ်စောင် ကို ရှဲခွင့်ပေးသော ကျွန်တော်၏ချစ်သူအား ကျေးဇူးအထူးတင်ရှိပါကြောင်း)

တံငါ ရွာသို့ (၁)
ဒီနေ့က သြဂုတ် ၁ ရက် ၊ တနင်္ဂနွေနေ့ ။
ဟိုအရင်တုန်းကတော့ တံငါရွာလေး ပေါ့။ ခုတော့ အဲ့တံငါရွာက ငါးမဖမ်းဖြစ်ပဲ ကြီးပွားနေရဲ့။ ကိုယ်လဲ အသစ်အဆန်း ဆိုတာ့ လေယာဉ်ပေါ်မှာ တွေး ရင်း ငေး ရင်း ..။ လေယာဉ်မယ်လေး တွေခမျာ မအားလပ်ရှာပါဘူး ၊ တိမ်တွေကလည်း ပျင်းစရာကြီးပါ။ ဘယ်သူကများ ကိုယ့် နိုင်ငံ မြေပေါ်က မဟုတ်ပဲ တိမ်တွေကြည့်ချင်မှာတုံး မဟုတ်ဘူးလား။ လေယာဉ် ပေါ်မှာလည်း ကိုယ်လိုသူလိုတွေချည်းပါပဲ။ ဘေးက ကောင်မလေး ခများ ကြောက်လန့်နေရှာတယ်။ သွေးတွေဆုပ်လို့ ၊
သူ့ အားပေးချင်ပေမယ့် ကိုယ့်လည်း ကိုယ့်အပူအပင် ကိုယ့် အလွမ်းတွေနဲ့ကိုယ်။ လက်သီး ဆုပ် အားတင်းပြီး မျက်နှာမှာ အပြုံးတခု ရဖို့ အားထုတ်နေရတာ။ ဟော.. ဟိုတွေး ဒီတွေးပါပဲ လေယာဉ်ဆိုက်ပြီ တဲ့။
မိုးက ဖွဲဖွဲလေး ရွာနေတယ်..။ လွမ်း ရပါတယ်ဆို ကိုယ့် အလွမ်းတွေက ညို့ ညို့ ညိုလွင်လာတယ်။ ကဲ တွေ့ပါတော့မယ်
လူဝင်မှု။ လူတွေများ ခက်ပါတယ် ဘာသာစကားတွေ ကွဲပြားသွားတာနဲ့ပဲ နာမည်တွေ သတ်မှတ် ဘောင်တွေတား နဲ့ ဒီ ကမ္ဘာပေါ်မှာ ဒုက္ခခံလူဖြစ်လာရတဲ့ လူတွေ အချင်းချင်းကိုများ စစ်ကြ အုံးမတဲ့ ကြီးကြပ်ကြအုံးမတဲ့။ ကဲ တတ်နိုင်ပါဘူး ခေတ်ကာလ လူ့ဘောင်ဆိုတော့လဲ ကဲ လုပ်ကြပေါ့ လုပ်ကြပေါ့။
လေဆိပ်ကြီးကတော့ ကြီး ရှာပါတယ်။ အင်း ဒီလောက်တော့ ရှိရမှာပေါ့ ထူးပြီးတော့ မအံ့သြမိပါဘူး။ ဒါပေမယ့် ဒီမှာ ရေသိပ် ရှားပုံ ရတယ် တို့ ဆီမှာဆို ရေကို လူလိုသူလို ခွက် နဲ့ ကူလာ နဲ့ သောက်ရသေးတယ်။ ခုတော့ ဘုံဘိုင် ခေါင်း ကြီးနဲ့ တော်ပါ။ အင်း လေယာဉ်ဝင်ပေါက်ကနေ လူဝင်မှု ထိက ဝေးတော့ ဝေးသား။ လျှောက်ပေါ့။ ရွေ့လျားလမ်းတွေ တော့လုပ်ထားတာ တွေ့တယ် တော်ပြီ ကိုယ်က မြန်မာ ဆိုတော့ ဖြည်းဖြည်းလေးလေး ပဲ ရွေ့ချင်တယ်။
ရောက်ပါပြီ လူဝင်မှု။ တန်းစီရတယ် ကိုယ်တွေတင်မဟုတ်ဘူးပဲ မြန်မာပြည်က လူတော်တော်များများ အထင်ကြီးနေတဲ့ အနောက်က လူတွေလည်း ကိုယ့်နောက်မှာ ဟဲ ဟဲ ကိုယ့်ဘာသာတောင် အထင်ကြီးလိုက်ချင် သလိုလိုပဲ ။ အံမယ် စင်ကာပူ ကုလားမကြီးပါလား၊ ရုပ်ကလည်းတင်းပါ့ ။ ရောက်ရောက်ချင်း ပြောပလိုက်တဲ့ ဘိလပ် စကား ၀ါး ၀ါး ၀ူး ၀ူး ပဲ ကြားလိုက်တယ် ကိုယ်က မြန်မာ ပြည်က အကျင့်မပျောက်သေးတော့ ဗျာ! ကနဲ အာမေဋိတ်က၊
ဟ ဟား။ နောက်တော့ ဟိုမေး ဒီမေးပါ ဘာလို့လာတာလဲ တကယ် အလည်ပဲလား ဟုတ်ကော ဟုတ်လား မင်း ဘာလဲ ငါဘာလဲ ပေါ့။ နောက်တော့လည်း ဒုန်း ကနဲပါပဲ။ အစကတည်းက ဒုန်း ရမယ့် ကိစ္စကို လကား မြန်မာပြည်က ဆို ပြီး အထင်သေးတဲ့မျက်လုံး နဲ့ ။တော်ပြီ ရှေ့မှာအိတ်သွားရွေးပြီး ကိုယ့်လာကြိုမယ့် အကိုတွေ သွားရှာတာပဲ ကောင်းတယ်။
အကိုတွေတွေ့တော့ ၀မ်းသာရတာပေါ့ စွန့်စားခန်းမှာ အားကိုးရမယ့်လူတွေမလား။ သူတို့ကလည်း ၀မ်းပန်းတသာပဲ။ အူလူး ချီးဗက်တလုံး ၀ယ်ခဲ့တဲ့ လှမ်းပြောတော့ ကိုယ်လဲ ဆိုင်ကိုသွား ၊ တရုတ်အသံထွက် ချီးဗား တစ်လုံးဝယ်လိုက်တယ်။ ကိုယ်က ထင်တာ စင်ကာပူဆိုတာ တိုက်တွေ လွှတ် ပြွတ် သိပ်ပြီး မြေကြီးလိုက်ရှာနေရတဲ့ နေရာ ထင်တာ လေဆိပ်က အထွက် စ စိမ်းစိမ်း စိုစို အပင်တွေလည်း စုံတယ် သပ်ယပ်တယ်။ အင်း အထင်ကြီးဖို့တော့
ကောင်းသား ဒါလေ ဆိပ် အထွက် မို့ ထင်ပါတယ်။ ဟိုင်းဝေး လမ်းအတိုင်း မြို့ထဲကဖြတ် နေရမယ့်နေရာက ဟို အစွန်မှာ ။ တကယ် အံ့သြဖို့ကောင်းတာက ကိုယ်ထင်သလို မဟုတ်တာပဲ ။ တစ်မြို့လုံစိမ်းစိမ်းစိုစို ဆိုတော့ သိပ်တိုးတက်နေတဲ့ ရန်ကုန်မြို့ ရောက်သလိုပဲ ခံစားရတယ်။ သိပ် သူစိမ်း မဆန်လှပါဘူး ကောင်းပါတယ်။ နေရတာ။
တစ်ခုပြောဖို့မေ့နေတာ ဒီမှာက မောင်း တဲံ့စံနစ်က ရန်ကုန်နဲ့ ပြောင်းပြန်ကြီး ။ ပြောင်းပြန်ကြီးဖြစ်မှာပေါ့ ဘယ် နဲ့ ညာ ၂ခုတည်း ရှိတာကိုး။ ဘယ်မဟုတ်တော့ ညာပေါ့။ ဒါလည်း မထူးပါဘူး။ ကိုယ်နေရမယ့် နေရာက ၁၅ ထပ်မှာ။ မိုက်သား။ လေ လေးတွေ ညင်းနေတော့ ပါလာတဲ့ စင်ကာပူ အခေါ် ချီးဗား နဲ့ ဂွတ် တယ်။ အမြည်းတွေ ကလည်း ခုမှ လတ်လတ်ဆတ်ဆတ်ပါလာတာဆိုတော့ သိပ်အထူးလှပါဘူး တစ်နေရာအလည်လာပြီး ပြောင်းသောက်နေသလိုပါပဲ။
ညနေစောင်း MRT ကဒ် ၊ ဖုန်း ကဒ် သွားဝယ်တော့မှ ဘာကွာ လဲ ဆိုတာ စတွေ့တာပဲ။ လူတွေက အချင်းချင်း ဆက်ဆံ ကြတာနည်းတယ် ကွန်ပြူတာကြီတွေ မျက်နှာမူလို့ လှုပ်ရှားမှုတွေက ပုံသေနည်း ဆန်နေတယ် တောင့်တောင့်ကြီးတွေ ခံစားချက်ကင်းမဲ့နေတဲ့မျက်နှာတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် စက်ကရိယာဆန်ဆန် သူစိမ်း ဆန်ကြလို့ ATM စက်ရှေ့ မျက်နှာကြီးတွေမူလို့ ကဒ် တခုထည့် ကိုယ့် ပိုင်ဆိုင်မှု ပြန်ယူ ၊ တည့်တည့် လျှောက်သွား ရှေ့မှာ ဂိတ် ၊ တီ ကနဲ ဖြတ်ချလိုက် ၀င်လို့ရသွားပြီ အင်း ဒါကတော့ အနုတ် တွေ ဘာညာတွေ မလိုလို့
အဆင်ပြေလှသည် ။ လူတွေ ကြည့်ရတာ တောတောင် တွေ တိမ်တွေ ရှုခင်းတွေ အီမိုရှင်နယ် လိုက်ဖ် တွေထက်
လျှပ်စီး စီးနေတဲ့ ဆားကဒ် မီးရောင်စူးစူး စက် တန်ဆာပလာတွေအတိုင်း ဆက်ဆံ ပြီး ထစ် ထစ် ထစ် ထစ် ချောမွေ့စွာ
လှုပ်ရှားရှင်သန် တွေ့ပါပြီဗျ စင်ကာပူ ၊ ဟိုးအရင်က တံငါရွာ နောက်တော့ စီးပွားရှာလို့ကောင်းလို့ တရုတ်တွေရောက်လာ များလာတော့ မလေးရှားက ခွဲထွက် ကိုယ့်ပိုင်နက်လုပ် ၊ အင်မတန် လှပတဲ့ ဗျူဟာလေးတစ်ခုပေါ့။ အဲ့ဒါ တကယ့် စင်ကာပူဗျာ ကျွန်တော် လာခဲ့တဲ့ တံငါရွာ လေးရဲ့အကြောင်း ခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့တော့တယ်ဗျာ။ ငါးဖမ်း ရင် ပြန်လာတဲ့ လူကို စောင့်ကြိုမယ့်လူ မရှိတော့ဘူး ။ ဒီနေ့ ဘယ်လောက်မိလဲ အဆင်ပြေသလားဆိုတဲ့ နွေးထွေးမှု မျိုး ၊ ငါးပိုက်တွေ ငါးတွေ ထမ်းလာတဲ့လူတွေ ဒီနေ့ ဆားကစ်တွေရှေ့ ဆားကစ်တွေနဲ့ ဆက်ဆံ ဆားကစ်တွေနဲ့ စကားပြော ဆားကစ်တွေ ရှော့မ၀င်မချင်း ငြိမ့်ငြောင်းစွာ သွားမှုမျိုးနဲ့ ရှာဖွေမှု ပျောက်ဆုံး ဘ၀ အဓိပ္ပါယ်ပျောက်ဆုံး။ ဆားကစ်တွေ ရှော့ဝင်ရင်တော့ တန်းပျက်သွားတတ်ကြတယ် ဒါဆို
ဒီလူတွေမှာ ရှော့ဝင်ကုန်ရင်ကော......................
ဒီမှာ ကိုယ့်ကိုကိုယ် သတ်သေမှု၊ စိတ်ဓါတ်ကျမှုတွေ သိပ်များ ပဲ ဆိုလား လက်ကီးဆဲဗင်းမှာ လက်ဖက်ရည်သောက်ရင်း လက်ဖက်ရည်းခွက်လေးကို လျှာဖျားမှာတင် ပြီးတော့ ခဏချ အဲလို ဆွေးနွေးခဲ့ဖူးတယ်။ ။

Subscribe to:
Posts (Atom)