Popular Posts

Monday, October 4, 2010

တံငါရွာ သို့ (၅)

ဘာလိုလို နဲ့ ကိုယ်လဲ ဘာလိုလို .....
ဒီနေ့က စနေနေ့ ။ရောက်တာ ၇ ရက်မြောက်နေ့။ ဘာထူး။ ဘာမှ မထူး။ နားကိုအေးနေတာပဲ။ အရင် ၂ ရက်ကတော့ အိမ်မှာနေရင်း တကယ့်ကို အိမ်မှာ ထိုင်နေရင်း။ အခန်းထဲမှာ ကမ္ဘာကြီးကို ဂူးဂဲလ် ထဲ ထည့်ပလိုက်ခြင်း။ ယူကျူ့ ဖြင့် တွေ့သိခြင်း။ ကျွန်တော် ဆိုသော အလုပ် လုပ်လိုနေသော လူတစ်ဦး ရှိကြောင်း အသိပေးခြင်း။ စသဖြင့် အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း။ လုံးထွေးနေတယ် ကမ္ဘာကြီးနဲ့ လုံးထွေးတယ် စင်ကာပူ နဲ့ လုံးထွေးတယ်။ တွေ့လား ငါ့မှာတောင် စင်ကာပူ မျှင်တွေ လာကပ်နေပြီ။ ဘယ်တော့များ စင်ကာပူ ပိုးတုံးလုံး ဖြစ်လာတော့မလဲ မသိဘူး။ (အဲဒါ တကယ်မသိတာ) ပြောင်းမှန်းမသိပြောင်းလာတာ။ တော်တော်တောင် ခရီးရောက်နေပြီထင့်။

ထားတော့။ အစပြန်ကောက်ရအောင်၊ ဒီနေ့က စနေနေ့။ ဟုတ်ပ။ စနေနေ့။ သူငယ်ချင်းတွေ ချိန်းထားတယ် ၊ အလုပ်လုပ်နေတဲ့ သူငယ်ချင်းလေ သူလာမယ်။ လျှောက်သွားကြတာပေါ့။ ကောင်းတဲ့ ကိစ္စပဲ။ သွားမှာပေါ့။ သူနဲ့ချိန်း။ ချိန်းထားတာ ၃ နာရီမှ။ ၃ နာရီ မရောက်မချင်း ထိုင်စောင့်နေ။ ဒါပေမယ့် ပျင်းဖို့ မကောင်းပါ။ ဒီနေ့ အဒေါ် တစ်ယောက်အလည် လာမည်ဆိုသဖြင့် အခန်းရှင်း။ တမနက်လုံး ပန်းကလေး နဲ့ နှီးနှော။ အို ကိုယ်တော့ ဒီနေ့ ပန်းနံ့ လေးသင်း ရာသီဥတု သာယာတယ်။ မြူ ကင်းနေတယ်။ သိလား။ အဲ့ ချစ်ခြင်းမေတ္တာ ၊ ခင်မင်မှု စသော စသော ကျွန်တော်တို့ သိပ်မသိတဲ့ အရာတွေ။ ဘာမှတော့ မဟုတ်ဘူး လို့ လူကြီးတွေ လာလာ ပြောပြောကြသေးတယ်။ ကျွန်တော်တို့ကပဲ ယုံကြည်နေလို့လား မသိဘူး။ အဲ့ အသိုင်းအ၀န်း ထဲမှာ နေရတာ သိပ်နေလို့ကောင်း။ သိပ်နေလို့ပျော်။ နေပျော်စရာ လောက။ လောကဆိုတာ ဒါမျိုးလေးလည်း ရှိပေအုံးမှပေါ့။ ရှိအုံးမှ ပေါ့။ ဟုတ်တယ်မလား။ ကျွန်တော် ကတော့ ယုံတယ်။ ပန်းကလေး နဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ ၊ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ချစ်ခြင်း မေတ္တာ၊ နွေးထွေးမှု။ တကယ့်ကို လေ လေး တချွန်ချွန်။ ကျွန်တော့်အဖြစ်။ အခု ကျွန်တော့်အဖြစ် မြင်ယောင်ကြည့်လို့ရမှာပါဗျာ။

၃နာရီထိုးတော့ ရေချိုး။ ပြီးတော့ ထွက်လာလိုက်တာပဲ။ ပြီးတော့ ဘယ်သွားမလဲ။ ဘယ်သွားမလဲ။ ဘယ်သွားမလဲ။ ခေါင်းချင်းရိုက် တိုင်ပင်တယ်။ အရှေ့ဘက်ကမ်းခြေ ၊ အဲဒါက မြန်မာမှု ပြုထားတာ။ ဒီမှာတော့ အိစ်တ် ကို့တ် အဲလိုပဲခေါ်ကြတယ်။ အဲ့နေရာ သွားကြပေသပေါ့ဗျာ။ ယူနို့ မှာဆင်း။ တက်ကစီ ငှား။ အိတ်စ် ကို့်တ် သို့ပေါ့ဗျာ။ အံမယ် တက်ကစီ သမားက ဟိုမေးဒီမေးနဲ့။ ဘယ်ကလဲ။ ဘာလာလုပ်တာလဲပေါ့ဗျာ။ ကျုပ်တို့က မြန်မာတွေ ပေါ့ဗျာ။ အဲတော့ မြန်မာ ပြည်သူတွေကို သိပ်ကြိုက်ဆိုပဲ။ အောင်ဆန်းစုကြည်။ သိပ်မိုက် ပေါ့။ လာပြီ။ မြန်မာပြည်ရဲ့ အင်တာနေရှင်နယ် အိုင်ကွန်ကြီးထူးဆန်းပါ့။ လူတွေက သတင်းတွေ မီဒီယာတွေ ပြောပြတဲ့ ကမ္ဘာကြီးမှာ ရှင်သန်နေရတယ်။ ကြည့်လေ။ ကျွန်တော်တို့ သိခဲ့တဲ့ ကမ္ဘာဆိုတာနဲ့ ဒီက ကမ္ဘာ ၊ ဘယ်လောက် ကွာခြားလဲ။ ဘာသာစကား နဲ့ သိမ်းသွင်းခံ ဘာသာစကား ရဲ့ ပြုလုပ်ခံ ကျွန်တော်တို့ အဲ့မှာ ကွင်းခနဲ။ ကဲ ခုလည်း ကျွန်တော် ခင်ဗျားကို ဘာသာစကား နဲ့ သိမ်းသွင်းနေပြီလား။ ဘယ်လိုလဲ။ စိမ့်ဝင်မှု ပါဆန်းတေ့ ဘယ်လောက်လဲ။ ဘယ်လောက်ရောက် သွားပြီလဲ။ ကဲ ပြော ဒါမှမဟုတ် ကိုယ့် တွေ့သိမှုတွေနဲ့ ပြန်တပ်ဆင် တည်ဆောက်နေပါသလား။ ဘာများထပ်ရနေပါသလဲ။ ဗိုက်ဝ ကြပါသလား။ တွေ့တယ်မလား လူဆိုတာ အပြုလုပ်ခံတွေပါဆိုတာ။ ဘာတွေများ အကြီးအကျယ်ကြီးတွေ လုပ်ပြဖို့ တာစူထားပါသလဲ။ ဘယ်သူက ဘယ်သူ့ရဲ့ နယ်ရုပ်တွေ ဆိုလား အဲလိုမျိုးတွေ ကြားဖူးနေရတာ။ အဲလို အဲလိုပါဗျာ။

ရောက်လေပြီ အိစ်တ် ကို့တ် မောင်မင်းကြီးသား ကြီးက ကိုယ့် ဘယ်နေရာ ချပေးသွားမှန်းမသိဘူး။ ကိုယ်လည်းမရောက်ဖူးဘူး ဆိုတော့။ ကောင်းပေါ့။ ခြေဦးတည့်ရာ။ ခြေလျှောက်လမ်း။ ပြောရအုံးမယ် ဒီမှာ အစိုးရ က သူ့ ပြည်သူတွေ ကို ဘယ်လောက် အရေးစိုက်တယ်ဆိုတာ။ ခြေလျှောက်လမ်းက တစ်လမ်း။ စက်ဘီး တို့ စကိတ်တို့ စီးဖို့တစ်လမ်း ဗျာ အဆင်ပြေအောင်ပေါ့ စီစဉ်ပေးထားတာ။ ပြီးတော့ ဒါက ပတ်ဘလစ် ဆိုတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာ။ လူမျိုးဘာသာ၊ အဆင့်အတန်းမရွေး အပန်းဖြေနိုင်ပါသည်ပေါ့ဗျာ။ ကမ်းခြေ တဲ့ ချောင်းသာ ၊ စက်စဲ ၊ မောင်းမကန် ရောက်ဖူးတဲ့ ကမ်းခြေ မှန်သမျှ ပြန်လွမ်းသွားတယ်။ ဘယ့်နှယ့် တစ်ထွာလောက် ဆင်းလျှောက်လိုက်တာနဲ့ ရေထဲ ရောက်သွားတော့တာပဲ။ ဒါတောင် လူတွေ အပန်းဖြေလို့ ရအောင် ကျွန်တော်တို့ ဆီက သဲတွေ ၀ယ်ပြီး လုပ်ပေးထားတာ ဆိုပဲ။ အားလုံး ကို ပြင်ဆင်ပေးထားတာတော့မိုက်ပါတယ်။ အပန်းဖြေစခန်း။ ကမ့်ချရန်နေရာ။ ဘာဘီကျူး လုပ်ရန်နေရာ။ စသဖြင့်ပေါ့ဗျာ။ စံနစ်ရှိတော့ အဆင်ပြေသပေါ့ဗျာ။ တော်တော်တော့ တော်တဲ့လူတွေ။ အစားအသောက်လည်း စုံတယ်။ ကမ်းခြေကလည်း ကြည့်လိုက်တာ ပင်လယ်ပြင်မြင်ရမလားမှတ်တယ်။ သင်္ဘောတွေနဲ့ ပိတ်နေတယ်။ ဟ ဟ။ ဒါပေမယ့် မရှိတဲ့ နေရာကို မရှိရှိအောင် လုပ်ထားတာ သာယာအောင် ဖန်တီးထားတာ ချီးကျူးဖို့ကောင်းသဗျာ။ နောက်ကိုယ်လည်း တစ်မျိုးတော့ တစ်မျိုးပဲ။ မြန်မာမြေပေါ် ပြန်နင်းနေရတာဆိုတော့ကာ ။ အားလုံးလည်း ရယ်ရယ်မောမော ရှေးဟောင်းနှောင်းဖြစ် ၊ နောင်ဖြစ် တွေ ပြော။ လေကလည်း တိုက် ဆိုတော့ဗျာ။ သာယာတယ်ပေါ့။ ဒီမှာ ၀ါးတာ စကီ လည်းရှိသဗျ။ ဒါလည်း မိုက်တာပဲ။ ကျန်းမာရေး အတွက် လာပြေး စကိတ်စီးနေတဲ့လူတွေ တော့ အတော်များသဗျ။ ကျန်းမာရေး အတွက်လာလုပ်ခါမှ ဒူးကွဲ ဒူးပြဲ သွေးတွေရွှဲနေတဲ့လူတွေ လည်း နိုင်းချင်း ပဲပေါ့ဗျာ။ ဟက်ဟက် ရယ် တော့ ရယ်ရသဗျနော်။ လူတွေ ရှုပ်စရာမရှိ ရှာကြံရှုပ်ကြပုံ။ ကိုယ့်ဘာသာ စည်းချက်မှန် ရှင်သန်နည်း ကိုမေ့ ၊ အတင်း စည်းချက် လိုက်မှန်။ ပြီးတော့ ... ဟက် ဟက် ဟက် ။

နောက်မိုးချုပ်ပြီ။ အိစ်တ် ကို့တ် က ပြန်။ အိမ်မပြန်ချင်ကြသေးဘူးလေ။ ဘယ်သွားမလဲ။ ပြန်ခေါင်းချင်းရိုက်။ စီးတီးဟောလ် နားက မြစ်ဆိပ်နားသွားမယ်။ အဲလို အကြံ ရ။ ကဲ လိမ့်ခဲ့တာပေါ့ဗျာ။

ရထားပေါ်ကဆင်း။ မြေအောက် က လျှောက်။ ကိုယ်က ဒီမှာ နည်းနည်း ကြာလာတော့ မီးရောင်တွေ ကိုတော့ ခံစားလို့ရလာပြီ။ ဒါပေမယ့် ရထားမြေအောက် ထဲ ၀င်သွားရင်တော့ ကြောက်နေတုန်းပဲ။ ထားပါ။ မြေအောက်က လျှောက်သွား။ တက် အပေါ်ကို တက် တက် တက်။ စက်လှေခါးတွေတဆင့်ပြီး တဆင့် တက်သွားတာ။ ဟာ......... ကျွန်တော် စင်ကာပူမှာ သဘောအကျဆုံး နဲ့ အကြိုက်ဆုံး နေရာ။ တကယ် အဲလိုပဲ ကျွန်တော် သတ်မှတ်တယ်။ တကယ်ဗျာ။ ဒါမျိုးသာ ကျွန်တော်တို့ ရန်ကုန်မှာရှိရင် ကျွန်တော် ဘယ်နေရာမှ မသွားတော့ဘူး စိတ်ချ။ ဒါကမှ တကယ့်စင်ကာပူရဲ့အညွန့်။ အမွန်။ ဘယ်လောက်တောင် အဆင့်မြင့်နေသလဲ ဆိုတဲ့ ဘယ်လောက်တောင် ခရီးရောက်နေသလဲ ဆိုတာ ပြနေတဲ့ စင်ကာပူ။ နာမည်က အက်စ်ပလန်ဒီ တဲ့။

အက်စ် ပလန်ဒီ ဆိုတာ စင်ကာပူရဲ့ အနုပညာ စင်တာလို့ ဆိုလို့ရသပေါ့ဗျာ။ ကားပတ်ကင် နောက် က ၀င်တဲ့ လမ်းမှာကို အင်စတော်လေးရှင်းတွေနဲ့ စတယ်။ ပြီးတော့ နံရံမှာ ကဗျာတွေ။ နောက် အင်စတော်လေးရှင်းတွေ။့  ဒါက ဖရီးရှိုးတွေဗျ။ ကိုယ့် ဖန်တီး နိုင်စွမ်းရှိသလောက် ပြလို့ရတဲ့နေရာ။ ပြီးတော့ စင်တာ ထဲကိုရောက် အဲ့မှာလည်း အင်စတော်လေးရှင်းတွေ အများကြီးပဲ။ ကျွန်တော်တို့ ဆီမှာ ပို့စ်မော်ဒန် အနုပညာဆိုတာတောင် တိုက်လို့ခိုက်လို့ ကောင်းတုန်း၊ ဒီမှာက အကုန်ခရီးရောက်နေပြီ။ ဗစ်စီရယ် အတ်တောင်ပြနေကြပြီ။ ခင်ဗျား ပြချင်ရင် ဖရီးပြ ရုံပဲ။ နောက် ဖရီး ရှိုးတွေ။ နောက် ပန်းချီတွေ၊ ပန်းပုတွေ။နောက် သီအေတာ တွေ။ ဘဲလေး တွေ။ တကယ့် အညွန့်တွေဗျာ။ အဲဒါက ဘယ်မှာ ဆောက်ထားတယ်မှတ်လဲ။ ကက်စီနိုနဲ့ တွဲထားတဲ့ အဆောက်အဦး ၃ခုပေါ်မှာ လှေတင်ထားတဲ့ အဆောက်အဦး ရှေ့ ၊ကာစီနိုရှေ့၊ စင်ကာပူ ဗီဇနက် စင်တာတွေရဲ့ ရှေ့ ၊မရီနာဘေ ၊ မာလိုင်းယွန်း လာဘ်ကောင် အစစ်ရှေ့၊ အိုဗျာ စင်ကာပူ ရဲ့ စင်ကာပူ ဆိုတာတွေအားလုံးကို စုထားတဲ့နေရာ အကုန်လုံးကိုလဲ လှမ်းမြင်နေရတယ်၊ စင်ကာပူရဲ့ည။ ဟို အသစ်ဆောက်ထားတဲ့ အပန်းဖြေ ဟိုတယ်ပေါ်က မီးမောင်းတွေကလည်း ပြင်းလှချည်။ အမျိုးသားနေ့ အကြို မီးရှုး မီးပန်းတွေဖောက်၊ နောက် တစ်မြို့လုံးက တိုက်တွေပေါ်မှာ တင်ထားတဲ့ အာကာသ ထဲတောင် ထိုးလို့ရတဲ့ မီးမောင်း ကြီးတွေ ကစား၊ နောက်က တီးနေတဲ့တီးဝိုင်း ရဲ့ အသံ က ဖြူးနေတဲ့ လေပေါ်မှာ မျောလာ ၊ ကျွန်တော် ကျွန်တော်တို့ နိုင်ငံ အကြောင်း တွေးမိပြီးတော့ မျက်ရည်တောင်ဝဲသွားတယ်။ တကယ်ဗျာ ကျွန်တော် စင်ကာပူ နိုင်ငံသားတွေ အနုပညာ မခံစား နိုင်ဘူးလို့ ထင်ထားတာ ကိုယ့်ကိုကိုယ်တောင် ပြန်ရှက်သွားမိတယ်။ ဒါပေမယ့် အဲ့အယူကတော့ မပျောက်သေးပါဘူး။ သူတို့ လှုပ်ရှားမှုတွေက စည်းချက်မှန်လွန်းနေတယ်လေ။ အချိန်ကိုက် လှုပ်ရှားနေတဲ့ အရာဝတ္တုတွေ ၊ ဒါပေမယ့် သူတို့ ရဲ့ အနုပညာ ဖန်တီးမှုတွေ ကလည်း မချီးကျူးနေလို့မရ။ သိပ်လှတဲ့ နေရာဗျာ။ အက်စ်ပလန်ဒီ ဆိုတာ သိပ်လှတဲ့နေရာ။ ကျွန်တော် ရောက်ဖူးသမျှထဲမှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ နေရာ။ အဲလိုကို အက်စ် ပလန်ဒီက အနုပညာတွေ ၀န်းရံ အဲဒါကိုက လှနေပါတယ်ဆို ၊ နောက် နောက် သူ့ရဲ့ တည်နေရာ က လူတွေရဲ့ အသိဥာဏ် အားထုတ်မှု တွေ ၊ လှပတဲ့ လူတွေရဲ့ အညွန့်မှန်သမျှ တွေ ဖူးပွင့် သီး ရွှန်းမှည့် နေတဲ့နေရာ၊ အက်စ် ပလန်ဒီ ဆိုတာ သိပ်လှတဲ့နေရာပေါ့။
သိပ်လှတာမှ ဘယ်ဘာသာစကားနဲ့ ရေးရေး သူ့အလှ ကို ဘယ်လိုမှ လုံလောက်အောင် မဖွဲဆိုနိုင်တဲ့ အက်စ်ပလန်ဒီပေါ့။ ရောက်ပြီးရင် ပြန်ခွာဖို့ မနည်းအားထုတ်နေရတဲ့နေရာပေါ့။ ဒါပေမယ့် ဘယ်လောက်အားထုတ်ထုတ် အချိန်တန်တော့လဲ ပြန်ကြရတာချည်းပါပဲ။ လူ့ဘ၀ မလား။

အပြန် အဒေါ်ကို ချန်ဂီမှာ သွားကြိုလာတယ်။ အကိုတစ်ယောက် ကားနဲ့ အိမ်ပြန်။ စင်ကာပူ ရဲ့ အားထုတ်မှု တွေကို ငေးမျှော် အဲဒါ ဟာ လူ့ယဉ်ကျေးမှု ရဲ့ အဆင့်အတန်းပဲမဟုတ်လား။ဟုတ်လား။ အဲလိုလား ဆိုတော့လဲ အဲလိုလဲမဟုတ်သေးပါဘူး။ အရာဝတ္တု တွေရဲ့ တိုးတက်မှုနောက်မှာ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုဟာ ကပ်ပါလာစမြဲပဲ။ ဒါဟာ စင်ကာပူ မလား။ စင်ကာပူ ရဲ့ အလှဟာ ရုပ်ဝတ္တု ၊ ဒါ ဟာလှနေရမှာပဲမလား။ သူတို့ လှအောင်လည်း အားထုတ်နိုင်ပါပေတယ်။ တော်ပါပေတယ် စင်ကာပူ။ တကယ့်ကို တော်ကြပါပေတယ် စင်ကာပူ။ ဒါပေမယ့် ဒီ အရာဝတ္တုတွေရဲ့ ဖိစီးမှု။ အဲ့ ဖိစီးမှုက မလွတ်မြောက်မှု အဲဒါဟာ ကျွန်တော့်ကို ခြိမ်းခြောက်နေတယ်။ ကိုယ် ကိုယ်တိုင်လဲ ဖိစီးခံချင်လို့ ဒီကိုလာခဲ့ရပြီ။ လူသားဟာ လွတ်လပ်ခြင်းကို မြတ်နိုးတယ်တဲ့။ကဲ....... ထူးဆန်းပါပေ့လူတို့ရယ်။

အိမ်ရောက်တော့... ညီအကို တွေစုံတုန်း ချက်ကစား။ ညီတစ်ယောက် ကို တက်စီ လိုက်ငှားပေး။ ပြီးတော့ ခါတိုင်းလိုပဲ ကိုယ့် မြန်မာပြည် ရှိမယ်ထင်တဲ့ဘက် ငေးမျှော် ၊ ပန်းကလေးရဲ့ အပြုံးလေးတွေကို စားမြုံပြန်၊ သွားခဲ့ဘူးတဲ့နေရာတွေ၊ ပျော်ခဲ့ဘူးတဲ့ အရပ်တွေ၊ ကျွန်တော်တို့ ပျော်ခဲ့ဖူးတဲ့ ရန်ကုန်၊ ကျွန်တော်တို့နှစ်ယောက် သိပ်ချစ်တဲ့ မြန်မာပြည်၊ ကျွန်တော်တို့ မြန်မာပြည် ရဲ့အလှဟာ....................

အ၀တ်အစား ညစ်နွမ်းနွမ်း သနပ်ခါး ပါးကွက်ကျား ထဲမှ အပြုံးတစ်စ ကို လှစ်ခနဲ ကျွန်တော်မြင်လိုက်မိသည်။ ။

ထွန်းနွယ်

No comments:

Post a Comment