Popular Posts

Thursday, October 14, 2010

သံသရာ နှင့် ကံကြမ္မာ

ယခုရက်ပိုင်းအတွင်း အနောက်တိုင်းဒဿနစာပေများ ဖတ်ရှုရင်း ကာလအတန်ကြာ မေ့လျော့နေခဲ့သော ဘာသာတရားအကြောင်း ပြန်လည်စဉ်းစားဖြစ်သည်။ ကျွန်တော် မည်သည့်ဘာသာကို ကိုးကွယ်ယုံကြည်သနည်း။ ဤမေးခွန်းကို သူစိမ်းတစ်စုံတစ်ယောက်က မေးလာခဲ့သော် ကျွန်တော့်အနေဖြင့် ဗုဒ္ဓဘာသာဟု မဆိုင်းမတွပြန်ဖြေမိမည် ဖြစ်သည်။ သို့သော် ထိုမေးခွန်းကိုမေးလာသူမှာ ကျွန်တော်ကိုယ်တိုင်ဖြစ်လာသောအခါ ထိုသို့ပြီးစလွယ်ဖြေရန် မဖြစ်နိုင်တော့ပါ။ မိမိ၏စိတ်ကူးအတွေးအမြင်တို့ကို မလေးမစားပြီးစလွယ်သဘောထားခြင်းသည် ကိုယ့်ကိုယ်ကို စော်ကားခြင်းတစ်မျိုးပင်ဖြစ်သည်ဟု ကျွန်တော်မြင်ပါသည်။ ဤစာစုသည် ကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍ ကျွန်တော်၏မေးခွန်းထုတ်မှုကို ကျွန်တော်ကိုယ်တိုင် ပြန်လည်အဖြေပေးထားခြင်း ဖြစ်ပါသည်။



အဖေ၊ အမေ ဗုဒ္ဓဘာသာဝင်များမှ မွေးလာသူဖြစ်၍ ကျွန်တော်သည်လည်း သဘာဝကျစွာပင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့ပါသည်။ လူမှန်းသိတတ်စကတည်းက ဘုရားဆင်းတုစေတီတော်များမြင်လျှင် ရှိခိုးဦးချသည်။ သင်္ကန်းဝတ်မြင်လျှင် လက်အုပ်ချီဦးညွှတ်သည်။ တစ်စုံတစ်ရာ ကြောက်ရွံထိတ်လန့်လျှင် သံဗုဒ္ဓေရွတ်သည်။ ကုသိုလ်ရမည်ထင်သမျှ အကုန်လုပ်၍ မကောင်းမှုအကုသိုလ်ထင်သမျှကို တတ်နိုင်သမျှ ရှောင်ကြဉ်သည်။ ထိုသို့ပြုသမျှ၊ လုပ်သမျှကို တိုင်တည်၍ စာမေးပွဲတိုင်းတွင် သူများထက် အမှတ်ပိုရပါစေကြောင်း၊ လူချမ်းသာ သူဋ္ဌေးကြီးဖြစ်ရပါလိုကြောင်း၊ ရုပ်ရည်ချောမောလှပသော မိန်းကလေးတိုင်း ကြိုက်နှစ်သက်ခြင်းကို ခံရပါလိုကြောင်း၊… စသည်ဖြင့် ညစဉ်ညတိုင်း ဆုတောင်းခဲ့ပါသည်။



အနည်းငယ်စဉ်စားဆင်ခြင်တတ်သည့် အရွယ်ရောက်လာသောအခါ ဗုဒ္ဓအယူအဆစာအုပ်များအပြင် အခြားအခြားသော ကိုးကွယ်ရာဘာသာများအကြောင်းကို လက်လှမ်းမီသရွေ့ ဖတ်ရှုလေ့လာကြည့်မိပါသည်။ ထာဝရဘုရားသခင်ကို ယုံကြည်သော၊ ဖန်ဆင်းရှင်ဝါဒကို လက်ခံသောဘာသာများ၏ သဘာဝမကျမှု၊ သိပ္ပံပညာနှင့်မလျော်ညီမှုများကို တွေ့မြင်ဖတ်ရှုရသည့်အခါတိုင်း မိမိကိုးကွယ်သော ဘာသာကို ပိုမိုနှစ်သက်ပြီး ပိုမိုသက်ဝင်ယုံကြည်လာခဲ့သည်။



အခြားသူတို့၏ အမှားအပြစ်များသာကို မြင်၍ မိမိကိုယ်မိမိ ပြန်လည်မဆန်းစစ်သော လူတစ်ယောက်ကဲ့သို့ အခြားသော ဘာသာတရားများကိုသာ ပြစ်တင်ရှုတ်ချပြီး မိမိကိုးကွယ်မှုကိုမိမိ ထဲထဲဝင်ဝင်မလေ့လာမတွေးတောခဲ့မိသော ကျွန်တော့်ကို ရုတ်တရက်လှုပ်နှိုးခဲ့သည်မှာ တက္ကသိုလ်မှ သူငယ်ချင်းတစ်ယောက် အမှတ်မထင်ပြောခဲ့သော "ဘာသာတရားဆိုတာ လူတွေရဲ့ ကြောက်စိတ်ကြောင့် ပေါ်လာတာ" ဟူသော စကားပင်ဖြစ်သည်။ ထိုစကားက ကိုးကွယ်ယုံကြည်မှုအပေါ်ထားသည့် ကျွန်တော့်အမြင်ကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သည်။ (ဘာသာတရားနှင့် လူ့တို့၏စိတ် ဆက်စပ်မှုသည် အလွန်နက်နဲသောကိစ္စဖြစ်ပြီး ယေဘုယျသဘောလည်းဆန်သောကြောင့် ပုဂ္ဂလိကသဘောထားအမြင်ကိုသာ အဓိကဖော်ပြလိုသည့် ကျွန်တော့်ရည်ရွယ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ဤစာစုတွင် ထည့်သွင်းရေးသားတော့မည် မဟုတ်ပါ။)



ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်ကြည့်ရာတွင် ကျွန်တော့်အတွက် ဘ၀င်မကျစရာနှစ်ချက်တွေ့ရသည်။ ပထမအချက်မှာ နိဗ္ဗာန်မရောက်မီကာလစပ်ကြား လူသတ္တ၀ါများအားလုံး လှုပ်ရှားလည်ပတ်နေရသည်ဆိုသည့် ဘ၀သံသရာပင်ဖြစ်သည်။ သတ္တ၀ါအားလုံးအတွက် လက်ရှိဘ၀သေဆုံးခြင်းသည် ပြီးဆုံးသွားခြင်းမဟုတ်၊ ယခုဘ၀ချုပ်ငြိမ်းသည်နှင့်တပြိုင်နက် နောက်ဘ၀သစ်တစ်ခု ဆက်ဖြစ်ရသည်ဟူသောအချက်သည် ကျွန်တော့်အတွက် ယုံကြည်လက်ခံဖို့ အလွန်ခက်လှသည်။ လူတစ်ယောက်သေဆုံးပြီး နောက်ဘ၀တစ်ခုဆက်ဖြစ်သည်ဆိုသည်မှာ တစ်စုံတစ်ရာ သက်သေပြနိုင်သော ကိစ္စမဟုတ်ပေ။ တစ်နည်းဆိုသော် လူသားတို့၏ ပကတိဆင်ခြင်ဥာဏ် ပြင်ပတွင်ရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် "လူသတ္တ၀ါအားလုံး ဘ၀သံသရာတွင် လည်ပတ်နေကြရသည်" ဆိုသော အယူအဆကို လက်ခံရန်မှာ ဖန်ဆင်းရှင်ဝါဒီတို့က "ထာဝရဘုရားသခင်သည် ကမ္ဘာလောကကြီးနှင့်တကွ လူသားအားလုံးကို ဖန်ဆင်း၏" ဟူသော အယူအဆကို လက်ခံခြင်းကဲ့သို့ ကျိုးကြောင်းဆင်ခြင်ဥာဏ်ပြင်ပမှလက်ခံယုံကြည်မှု (Faith) ပေါ်တွင် အခြေခံမှသာ ဖြစ်နိုင်ပေလိမ့်မည်။



မိမိမမြင်ဘူး၊ မကြားဘူးလျှင် ထိုပစ္စည်း၊ထိုအရာသည် မရှိမဖြစ်နိုင်ဟူသော အမြင်ကျဉ်းသည့် တယူသန်သမားများထဲတွင် ကျွန်တော်မပါပါ။ ကျွန်တော့်အနေဖြင့် ဘ၀သံသရာ ရှိသည်ဟု ယုံကြည်လက်ခံခြင်းမရှိသလို ဘ၀သံသရာမရှိဟုလည်း အကြွင်းမဲ့မငြင်းပယ်ပါ။ ဘ၀သံသရာရှိမရှိဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်ဥာဏ်နှင့် စဉ်းစားဆုံးဖြတ်၍ရနိုင်သော ကိစ္စတစ်ခုမဟုတ်သောကြောင့် ယုံကြည်ခြင်း၊ ငြင်းပယ်ခြင်းလုပ်စရာမလို ဟုသာ ကျွန်တော့်အနေဖြင့် ရှုမြင်ပါသည်။



ဘ၀သံသရာအပေါ်ထားရှိသော ကျွန်တော့်၏အမြင်ကပင် ကံ၊ကံ၏အကျိုး ဟူသောအယူအဆကို ပြန်လည်ဆန်းစစ်မိစေသည်။ "ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်" ဟူသောတရားသည် အလွန်သဘာဝကျသော၊ အလွန်မျှတသော၊ အလွန်ကြည်ညိုဖွယ်ကောင်းသော တရားပင်ဖြစ်သည်။ သို့သော် ထိုတရားသည် မှန်ရော မှန်သလား။ မကောင်းတာလုပ်ပြီး ကောင်းတာတွေဖြစ်နေသော၊ ကောင်းတာတွေလုပ်သော်လည်း မကောင်းတာချည်းဖြစ်နေသော၊ အဖြစ်အပျက်သာဓကများ မျက်စိမလွဲကြုံတွေ့နေရသည့် ကျွန်တော်တို့အတွက် နှစ်သိမ့်စရာမှာ 'နောက်ဘ၀ (သို့) အရင်ဘ၀' ဆိုတာသာဖြစ်သည်။ 'အရင်ဘ၀က ၀ဋ်ကြွေးတွေပဲ '၊ 'နောက်ဘ၀ကျမှ အကျိုးပေးလိမ့်မယ်'၊ ဟူသော စကားများဖြင့်သာ မိမိယုံကြည်မှုကိုမိမိ ချွေးသိပ်နေကြရသည်။



'နောက်ဘ၀' ဆိုတာရှိသည်ပဲ ဆိုပါစို့။ ကျွန်တော့်အနေဖြင့် ဤဘ၀တွင် ပြုခဲ့သမျှသော မကောင်းမှုအကုသိုလ်တို့ကြောင့် နောက်ဘ၀တွင် ဆင်းရဲနုံချာသည့် အမှိုက်ကောက်သမားတစ်ယောက်၏ ဆယ့်တစ်ယောက်မြောက်သားအဖြစ် မွေးလာခဲ့သည်ပဲ ဆိုပါစို့။ ထိုကလေးသည် မကောင်းမှုအစုစုပြုခဲ့သော ကျွန်တော်မဟုတ်၊ ပြေစိုးကျော်မဟုတ်။ အမည်အသစ်၊ စိတ်အသစ်၊ ခန္ဓာကိုယ်အသစ်နှင့် ယခုမှ လူ့ဘ၀ကို စတင်ရောက်ရှိလာသည့် လူအသစ်တစ်ဦးသာဖြစ်သည်။ ထိုကဲ့သို့ အပြစ်ကင်းစင်လှသော ကလေးတစ်ဦးအနေဖြင့် 'အရင်ဘ၀' ဟူသည့် မှုန်ဝါးဝါးစကားလုံးတစ်လုံးဖြင့်သာ ဆက်နွှယ်နိုင်သည့် လူတစ်ဦးပြုခဲ့သမျှမကောင်းမှုကို တာဝန်ခံရမည်ဆိုခြင်းမှာ မည်သို့မျှတရားမျှတခြင်းမရှိဟု ကျွန်တော်မြင်ပါသည်။



ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာယုံကြည်သည့် ကျွန်တော်ခင်မင်လေးစားရသော သူငယ်ချင်းတစ်ဦးကတော့ ကျွန်တော့်၏သံသယကို ဖြေဖျောက်ရန် ဤသို့ဥပမာပေးကာ ကြိုးစားဖူးပါသည်။ "လူသတ်မှုကျူးလွန်ခဲ့တဲ့ ရာဇ၀တ်ကောင်တစ်ယောက် အကြောင်းတစ်စုံတစ်ရာကြောင့် လုံးဝအတိတ်မေ့သွားတယ် ဆိုပါစို့။ အဲဒီလူကို ဖမ်းမိလို့ ရုံးတင်စစ်တဲ့အခါ အတိတ်မေ့နေပြီဖြစ်လို့ အပြစ်ကလွှတ်ပေးမလား" ဟူ၍ ဖြစ်သည်။ သူ့လေသံကို နားထောင်ရုံဖြင့် သူ့အဖြေကိုသိနိုင်သလို ကျွန်တော့်ကိုလည်း သူ့လိုပင် ဖြေစေချင်ဟန်တူသည်။ သူဥပမာသည် အလွန်ကောင်းသော်လည်း ခုဘ၀၊ နောက်ဘ၀ အခြေအနေနှင့်တော့ ထပ်တူညီမျှမှု မရှိသည်ကိုတွေ့ရသည်။ ရာဇ၀တ်ကောင်သည် အတိတ်မေ့နေသော်လည်း လူအသစ်တစ်ယောက်မဟုတ်။ နဂိုခန္ဓာကိုယ်နှင့်နဂိုလူသာ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော လူတစ်ယောက်ပင်လျှင် အမူအကျင့်၊ စိတ်နေစိတ်ထား အားလုံးပြောင်းလဲပြီး လူကောင်းတစ်ယောက်ဖြစ်နေခဲ့ပြီဆိုပါက အပြစ်ကလွှတ်ပစ်ခြင်းသည်သာ ပို၍ တရားမျှတသည်ဟု ကျွန်တော်ကတော့မြင်ပါသည်။



ကျွန်တော့်အနေဖြင့် သံသရာနှင့်ကံကြမ္မာတို့ကို အကြွင်းမဲ့ယုံကြည်ခြင်း မရှိတော့သော်လည်း ဗုဒ္ဓဘာသာကို လုံးဝပစ်ပယ်လိုက်ခြင်းတော့ မဟုတ်ပါ။ ဗုဒ္ဓယဉ်ကျေးမှု၏ အေးချမ်းသောအရိပ်အောက်တွင် နေထိုင်ကြီးပြင်းခဲ့ရခြင်းကို များစွာနှစ်သက်သဘောကျသလို ထိုသို့ပင်ဆက်လက်ပြီး နေထိုင်သွားချင်ပါသည်။ ဗုဒ္ဓ၏ ဘ၀နေနည်းလမ်းညွှန်မှုများသည် အပြည့်အ၀လိုက်နာကျင့်သုံးနိုင်မည်ဆိုပါက လူတစ်ယောက်ချင်းစီသာမက၊ လူအဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ အလွန်အကျိုးများနိုင်လိမ့်မည်ဟုလည်း ကျွန်တော့်အနေဖြင့် ယုံကြည်ပါသည်။



ကျွန်တော့်၏ ကိုးကွယ်ယုံကြည်မှုစာစု နိဂုံးချုပ်အနေဖြင့် ကျွန်တော် Facebook စတင်သုံးကတည်းက ယခုချိန်ထိကွက်လပ်ထားခဲ့သော Religious View နေရာတွင်ဖြည့်ရန် သင့်လျော်သော ဝေါဟာရစကားလုံးတစ်ခု ရှာဖွေကြည့်မိပါသည်။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးသည့်နောက်တွင် ကျွန်တော့်၏လက်ရှိယုံကြည်မှုကို အနီးစပ်ဆုံးထင်ဟပ်နိုင်မည်ဟု ယူဆရသော အင်္ဂလိပ်ဝေါဟာရတစ်လုံးကို ရွေးချယ်ပြီးဖြည့်လိုက်မိပါသည်။



pyay soe kyaw

10/7/2010, 11:25 PM



No comments:

Post a Comment