Popular Posts

Thursday, October 14, 2010

'အဓိပ္ပာယ်ရှိသောအလုပ်'ကို အဓိပ္ပာယ်ဖွင့်ရန် ကြိုးစားခြင်း

"လူနှစ်ဆယ့်နှစ်ယောက် မြက်ခင်းပေါ်ဆင်းပြီး ဘောလုံးလေးတစ်လုံးကို လုကန်ကြတာ တော်တော်အဓိပ္ပာယ်မရှိတာပဲ။ အဲဒါကို စိတ်ဝင်တစားကြည့်ကြတာက ပိုပြီး အဓိပ္ပာယ်မရှိသေးတယ်။"



မန်ယူပွဲသတင်းသိလို၍ သင်္ဘောပေါ်မှ အိမ်သို့ ဆယ်ဒေါ်လာအကုန်ခံဖုန်းဆက်သော ကျွန်တော့်ကို ဘောလုံးဝါသနာမပါသော မြန်မာစီနီယာအရာရှိတစ်ဦးကပြောသော စကားဖြစ်သည်။ မိမိထက် ရာထူးကြီးသူတစ်ဦးကို ဆန့်ကျင်ငြင်းခုန်ခြင်းဖြင့် အကျိုးတစ်စုံတစ်ရာရရှိရန် မမြင်သောကြောင့်လည်းကောင်း၊ တိတိပပ ပြန်လည်ချေပရန်လည်း ရုတ်တရက် စကားရှာမရသောကြောင့်လည်းကောင်း၊ ဆိတ်ဆိတ်နေခြင်းဖြင့်သာ တုံ့ပြန်ခဲ့ပါသည်။



ယမန်နေ့ညက တီဗီမှလာသော မန်ယူပွဲကြည့်ရင်း သူ့စကားကို ပြန်လည်အမှတ်ရကာ ဘောလုံးပွဲပြီးသွားသည်အထိ ဆက်လက်တွေးတောနေမိသည်။ "ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းသည် အဓိပ္ပာယ်မဲ့သော အလုပ်လား။ ဒါဆို ဘယ်လိုအလုပ်မျိုးကို အဓိပ္ပာယ်ရှိသော အလုပ်လို့ သတ်မှတ်မလဲ။ အဓိပ္ပာယ်ရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လိုဆုံးဖြတ်မှာလဲ၊ ဘယ်သူက ဆုံးဖြတ်မှာလဲ။ အဲဒီ အဓိပ္ပာယ်ဆိုတာကရော ဘာကို ခေါ်သလဲ။" စသည့်မေးခွန်းများက ဆင့်ကာဆင့်ကာ ပေါ်လာ၏။



"အဓိပ္ပာယ်ရှိသော အလုပ်" ဆိုသည်ကို အဓိပ္ပာယ်ဖွင့်နိုင်ရန် မကြာသေးခင်က ဖတ်ခဲ့ရသော Maslow's Hierarchy of Needs* နှင့် ဆက်စပ်စဉ်းစားကြည့်မိသည်။ စိတ္တဗေဒပညာရှင် Abraham Maslow က ကျွန်တော်တို့လူသားများ ရုန်းကန်ဆောင်ရွက်နေသော အလုပ်ဟူသမျှသည် အနိမ့်ဆုံး Physiological အဆင့်မှ အမြင့်ဆုံး Self-actualization အဆင့်ထိ အသီးသီးသော လိုအပ်ချက်မျိုးစုံတို့၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ဆိုသည်။ ကျွန်တော်တို့သည် ဘ၀လုံခြုံမှုရရှိရန် အလုပ်အကိုင်နှင့် ပစ္စည်းဥစ္စာကို ရှာကြသည်။ ရင်းနှီးချစ်ခင်မှုကိုရရန် လူအချင်းချင်း မိတ်ဖွဲ့ပေါင်းဖော်သည်၊ မိသားစုဘ၀ထူထောင်ကြသည်။ မိမိကိုယ်မိမိတန်ဖိုးထားနိုင်ရန် အောင်မြင်ကျော်ကြားမှု၊ လူအများလေးစားမှုစသည်တို့ကို အလိုရှိကြပေသည်။ ကွဲပြားသောလူတို့အတွက် ကွဲပြားသောလိုအပ်ချက်၊ ကွဲပြားသောလှုပ်ရှားမှုများရှိနေမည်ဖြစ်သော်လည်း လူတစ်ဦးချင်းစီအနေဖြင့်တော့ ကိုယ့်လိုအပ်ချက်နှင့်ကိုယ် အဓိပ္ပာယ်ရှိစွာလှုပ်ရှားနေကြခြင်းသာ ဖြစ်သည်။



ထိုတစ်ဦးတစ်ယောက်ချင်းစီအတွက် အဓိပ္ပာယ်ရှိသောအလုပ်များကို အခြားသူတစ်ဦးတစ်ယောက်က ၀င်ရောက်စွက်ဖက်ဝေဖန်နိုင်သလား ဆိုသည်မှာလည်း စဉ်းစားဖွယ်ရာဖြစ်သည်။ တစ်နေကုန်တစ်နေခန်း ဈေးရောင်းနှင့်အိမ်အလုပ် ဇယ်ခပ်သလိုလုပ်ရသည့် ဈေးသည်မယ်ကာကကို အားလပ်ချိန်ကလေးတွင် ကလိထိုးဟာသဗီဒီယိုကားများ ကြည့်သည့်အတွက် ရသမခံစားတတ်ဟု အပြစ်တင်မည်ဆိုလျှင် တရားပါ့မလား။ မြစ်ကမ်းနံဘေး သစ်ပင်ရိပ်တွင်ထိုင်ရင်း မျက်စိတဆုံးငေးမောနေတတ်သည့် ကဗျာဆရာကိုခါခကို အလကားအချိန်ဖြုန်းနေသူဟု စွပ်စွဲလျှင်ရော မှန်နိုင်ပါ့မလား။ အငယ်အနှောင်းလေးယောက်ယူပြီး နေ့မအား၊ညမနား အလုပ်များနေရှာသော သူဋ္ဌေးကြီးဦးဝါ၀ကို လောဘရမ္မက်ကြီးသူဟုရော သွားရောက်ရှုတ်ချနိုင်မလား။



မမှန်ပါ၊ မရပါဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော့်တို့အနေဖြင့် မည်သို့ပင် တရားမျှတ၊ ဘက်မလိုက်ပဲ ရှုမြင်သုံးသပ်ပါစေ၊ ကျွန်တော်တို့အမြင်သည် ကျွန်တော်တို့၏ ကိုယ်ပိုင်အတွေ့အကြုံ၊ ခံစားချက်များပေါ်တွင်သာ အခြေခံ၍ ကျွန်တော်တို့၏ ကိုယ်ပိုင်စံများဖြင့် တိုင်းတာထားခြင်းသာ ဖြစ်လိမ့်မည်။ ကိုယ်တိုင်ကြုံတွေ့ခံစားရသော ကာယကံရှင်မဟုတ်သည့်အတွက်တော့ အပြည့်အ၀နားလည်မှုကို ရရှိနိုင်မည်မဟုတ်ပါ။ ဤအချက်ကို ဒဿနိကဆရာ William James က သူ၏အက်ဆေးတစ်ပုဒ်** ထဲတွင် ဤသို့ ဥပမာပေးခဲ့ဖူးသည်။



"Take our dogs and ourselves, connected as we are by a tie more intimate than most ties in this world; and yet, outside of that tie of friendly fondness, how insensible, each of us, to all that makes life significant for the other! - we to the rapture of bones under hedges, or smells of trees and lamp-posts, they to the delights of literature and art. As you sit reading the most moving romance you ever fell upon, what sort of a judge is your fox-terrier of your behavior? With all his good will toward you, the nature of your conduct is absolutely excluded from his comprehension. To sit there like a senseless statue when you might be taking him to walk and throwing sticks for him to catch! What queer disease is this that comes over you every day, of holding things and staring at them like that for hours together, paralyzed of motion and vacant of all conscious life?"



ခွေးနှင့်လူတို့အကြား စိတ်ကူးအမြင်ချင်း မည်သို့ပင် ကွာခြားမှုရှိနေပါစေ၊ အတူယဉ်တွဲနေထိုင်ရန်ကား ပြဿနာမရှိလှပါ။ သခင်စာဖတ်နေချိန်တွင် ခွေးက ဟောင်ခြင်း၊ အနှောင့်အယှက်ပေးခြင်း မပြုဘဲ အေးဆေးစွာ ငြိမ်ဝပ်စောင့်ဆိုင်းခြင်း၊ လူသခင်ကလည်း ခွေးနှင့်အတူ အခါအားလျော်စွာ လမ်းလျှောက်ထွက်ခြင်း၊ တုတ်ပစ်ကစားခြင်း၊ စသည်တို့ဖြင့် အပြန်အလှန်ရင်းနှီးချစ်ခင်မှုကို တည်ဆောက်နိုင်ပါသည်။ လူ၊လူချင်းအတွက်လည်း ထိုနည်းတူပင်ဖြစ်သင့်ပါသည်။ လူတစ်ယောက်၏ခံစားချက်ကို အပြည့်အ၀နားမလည်လျှင်တောင်မှ ကိုယ်ချင်းစာမှုပေးသင့်သည်။ လူတစ်ယောက်တန်ဖိုးထားသောအရာကို ကိုယ်တိုင်တန်ဖိုးမထားနိုင်လျှင်တောင်မှ လေးစားမှုတော့ရှိသင့်သည်။ လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိသောအလုပ်ကိုလည်း မိမိကို တစ်စုံတစ်ရာထိခိုက်မှုမရှိသရွေ့ အနှောင့်အယှက်မပေးဘဲ နေသင့်ပါသည်။ ကွဲပြားခြားနားသော ပုဂ္ဂလိကအမြင်များကိုအခြေခံ၍ လူအချင်းချင်း တစ်ဦးကိုတစ်ဦး ပြစ်တင်ရှုတ်ချနေမည့်အစား တတ်နိုင်သလောက် ကိုယ်ချင်းစာနားလည်ပေးခြင်းဖြင့်သာ ညီညွတ်မျှတသော လူ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာနိုင်လိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။



သို့ဆိုလျှင် "ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းသည် အဓိပ္ပာယ်မဲ့သော အလုပ်လား၊ အဓိပ္ပာယ်ရှိသောအလုပ်လား"။ အဖြေကား အမေးခံရသူပေါ်တွင်သာ မူတည်ပါသည်။ အဓိပ္ပာယ်မဲ့သည် ထင်သူများက မိမိသဘောရှိ လုပ်ချင်ရာလုပ်၍၊ အဓိပ္ပာယ်ရှိသည် ထင်သူများကတော့ ဆက်ကန်၊ဆက်ကြည့်ကြရုံသာ ရှိပါတော့သည်။


pyay soe kyaw
10/3/2010, 1:15 AM

No comments:

Post a Comment