Popular Posts

Monday, October 4, 2010

တံငါရွာသို့ (၆)

ဟိုး ခပ်ဝေးဝေးမှာ သင်္ဘောကျင်းတွေ၊ တိုက်တွေ၊ အဆောက်အဦးတွေ မလှုပ်မယှက် ၊

အဲ့ ဒါ တွေကို ကိုယ်လည်း မလှုပ်မယှက် ငေးမောလျက် ၊ နံနက်ခင်း ၊ နေ့လည်ခင်း ၊ ညနေခင်း ..အလို.. နေတောင်စောင်းသွားပါပေါ့လား။ လူတွေ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေ လူတွေဖန်တီးခဲ့တဲ့ နည်းပညာတွေ ကို လူတွေကမွေးဖွားခဲ့တဲ့ လူတစ်ယောက် ငေးမောရင်း ပြန်လည်တည်ဆောက်ခံရတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလာခဲ့လိုက်တာ.....



ည.. တွေဝေ ငေးမောခဲ့ရတဲ့ .....မျက်လုံးတွေ။ မနက် အိပ်ရာထတော့ မျက်လုံးကို စုံပွတ်ပစ်။ အလျင်အမြန် ရောက်လာတဲ့ ငါ့ လက်။ ဟင်.. ရောက်လာတာ မြန်လိုက်တာ။ ကိုယ့်လက် မဟုတ်တဲ့အတိုင်း အေးစက်နေတယ်။ ဒါ ...။ အညောင်းဆန့်လိုက်တာ။ ခေါင်းထဲမှာ ကလိ ကလိ နဲ့။ လျှပ်စီးကြောင်းတွေ.ဟာ။

ငါ့ ခံစားမှု သွေးကြည်လွှာ တွေ။ ပျောက်ကုန်ပြီ။ ပျောက်ကုန်ပြီ။ ၀ုန်းခနဲ ထ။ ပေါက်ကွဲ ပစ်လိုက်ချင်တယ် ဆိုတဲ့ ခံစားချက်မျိုး ဖြစ်မလာဘူး။ ဟော ဗျာ.. ဟုတ်ကဲ့ လူကြီးမင်း ခင်ဗျား ဘာများ အလိုရှိပါသလဲ။ ဘာများ ပြောလိုပါသလဲ။ စစချင်း ပေါက်ကွဲချင်တဲ့စိတ် ဘယ်သိတော့မှာလဲ။ ခု အဲလို ရေးနေတာ သိလို့မဟုတ်ဘူး ရေးရမယ်ဆိုလို့။ ဆက်ရေး အုံးမယ်။ ဘာတဲ့။ 1101 1111 0010 1101 1100 0001 0010 1010 .....

ကွန်ပြူတာရှေ့ထိုင်။ အလုပ်ရှာ။ ဟောဗျာ ဟောဗျာ။ send ကို နှိပ်ပါ။ ဟုတ်ကဲ့ လို့တောင် ပြန်ပြောလို့မရ။ နှိပ်လိုက်ရပြီ။ နောက် 1101 1110 1010 1100 0010 0001 0101 1011 ....။ apply ကို နှိပ်ပါ။ နှိပ်လိုက်ရပြီ။ ဘာတွေတုန်း ဟ။ ဘာသာပြန် ၀င်ရောက်တယ်။ ပြန်တိုက်စစ်တယ်။ ပြန်လည် ထုတ်လုပ်တယ်။ ဒီလိုနဲ့ မနက်ခင်း ဟု ခေါ်ဆိုသော အချိန်များ ကုန်ဆုံးသွားပြီဟု ထင်မှတ်ကြလိမ့်မည်။ ဒီလိုလဲ မဟုတ်ပြန်ဘူးလား။ အမှန်က ဟုတ်တယ်။ မဟုတ်ဘူး ဆိုတော့ မဟုတ်ဘူးပေါ့ဗျာ။ဟုတ်တယ် ဆိုတဲ့အတိုင်း အမှန်၊ အဲဒါတွေလည်းမသိတော့ဘူး။ အဲဒါ ဘာတွေလဲဟင်။



နောက်တစ်ကြောင်း အန်းတား။ အဲ့ဒါ အပေါ်က။ ဈေးသွားဝယ်ပါ။ ရှော့ပင်းထွက်ပါ။ လျှောက်ကြည့်ပါ။ မှတ်သားပါ။ စကရင် မှ ပေါ်လာသည်ကို ကြည့်ပါ။ လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်ပါ။ ဘာသာစကား ဖြင့် ဆက်ဆံမှု။ ရင်းနှီး ဖော်ရွေမှု။ သတိပေးချက်။ စစ်စတမ် အယ်ရာ။ အသုံးမ၀င်သည့် ဒေတာများအား ဟူးမန်းဖားယားဝေါလ် မှ စစ်ထုတ်ပေးသည်။ ခွင့် ပြု ၊ မပြု။ ပြု။ ဟယ်လို။ ဟိုင်း။ စစ်စတမ် အယ်ရာ။ ၀င်လာသော ဆော့ဝဲလ် မှာ ပြင်ပ အခြေအနေ နှင့် မသင့်တော်ပါ။ အလိုအလျောက်ဖယ်ရှားခြင်း စတင်သည်။ အလိုအလျောက်ဖယ်ရှားခြင်း ပြီးဆုံးပြီ။ ကဒ် ထုတ်ပါ။ ရထားပေါ်သို့ လျှောက်ဝင်ပါ။ အင်ဖော်မေးရှင်း များ လက်ခံပါ။ ကိုက်ညီမှု ရှိလျှင် စင်္ကြန်ပေါ်သို့ လျှောက်လိုက်ပါ။



ရှာဖွေပါ။ ကိုက်ညီမှု ရှိလျှင် အကြောင်းပြန်ပါ။ ကိုက်ညီသည်။ ပြန်လည်စစ်ထုတ်ပါ။ ကွန်မြူနကေးရှင်း စတင်ပါ။ ခင်မင်မှု များ တွေ့ရသည်။ ခင်မင်မှု ဘာသာပြန်ပါ။ မကိုက်ညီပါ။ ထပ်မံ ၍ အလုံးအရင်း နှင့် ၀င်ရောက်လာသည်။ အန်န်တီ အီမိုရှင်နယ် ဆော့ဝဲလ် မှမသတ်နိုင်တော့ပါ။ ၄င်း ကိုယ်တိုင် ပျက်စီးမှု စတင်သည်။ စစ်စတမ် ကို ပြန်လည်စတင်ပါ။ မပြောလိုက်ရမီ ...



လင်းခနဲ ၀င်လာတာ ကိုယ့်သူငယ်ချင်း။ သွားမယ်။ ကွေး ဆိုက်။ စကားပြော။ ဒါမှ လူ့ဘ၀ တဲ့လား။ အရသာရှိလိုက်ပါဘိ။ အကြာကြီး ငေးမောထိုင်ကြ ဆွေးနွေးကြ။ လေညင်းလေးဖြတ်တိုက်လာတယ်။ လှလိုက်တာ။ နောက် ကိုရီးယားဆိုင်မှာ ကိုရီးယား အစာ သွားစားကြ။ ပန်းကလေး ကို သတိရပါဘိ။ ပန်းကလေး နဲ့ ကိုရီးယား ထမင်းသုတ် စားကြတုန်းက မအေးခင် နယ်လိုက်ကြရတာ နှစ်ယောက်သား ဖတ်ဖတ်ကိုမောလို့။ ခု ပန်းကလေး ကြိုက်တဲ့ ကမ်ချီဟင်းရည် လေး ဆွဲမှပါ။ ပူပူ နဲ့ ကောင်းလိုက်တာ။ အောက်မှာ လူတွေ ပြေလျော့စွာ ။ လှုပ်ရှုားနေတဲ့ လူစင်စစ်တွေလေ။ အတွဲလေးတွေ။ တချို့ကောင်မလေးတွေက သူတို့ ကောင်လေးတွေရဲ့ ပုခုံး ပေါ် ကနွဲ့ ကလျ မှီလို့ပေါ့။ လူဆိုတာ လူနဲ့ ဆက်ဆံနေရတယ်။ လူနဲ့ ဆက်ဆံ နေမှ လူဖြစ်တယ် ဆိုတာ........အတွေးထဲမှာ လွင့်မျောသွားတယ်။ စကားတွေလည်းအများကြီးပါပဲ။ အာခေါင်ခြောက်လည်း စိုပြေနေတဲ့ ရာသီဥတု နဲ့ ဆိုတော့...



ပြန်လာတယ်။ ဒီကလူတွေ ဘာတွေ ညာတွေ။ ဟိုက လူတွေ ဘာတွေ ညာတွေ သိပ်မစဉ်းစားဖြစ်တော့ပါဘူး။ ပြည့်စုံ ပြောသလို မြန်မြန် အထိုင်ကျသွားတာလည်း ဖြစ်နိုင်တာပဲ။ မပြောတတ်ပါဘူးလေ။ အိမ်ရောက်တော့ ပန်းကလေး ပုံတွေ ထုတ်ကြည့်ဖြစ်တယ်။ ဖေ့ဘုတ် ပေါ်က ကိုယ်ရေးထားတဲ့စာတွေ သူငယ်ချင်းတွေရေးထားတဲ့စာတွေ ပြန်ဖတ် တယ်။ အပြုံးလေးတွေပြန်မြင်ရတယ်။ နွေးထွေးမှု တွေနဲ့ စကားဝိုင်းတွေ။ အသစ် သိရှိမှုတွေ။ ရှာဖွေမှုတွေ။ စိတ်လှုပ်ရှားလိုက်ရတဲ့ အခိုက်အတန့်လေးတွေ။ လူ ဖြစ်ခြင်း ရဲ့ မလိုင် တွေ ဝေ့တက်လာတယ်။ သွေးထဲမှာ ပျော်ရွှင်မှု လွတ်လပ်မှု လန်းဆန်းမှု သွေးရည်ကြည် တွေ ပြန်လည် စီးဆင်းလာခဲ့တယ်။



ဒီလိုနဲ့ ကျွန်တော့် ကဗျာတွေ ကို ဖတ်ရင်း ..ရန်ကုန်ရှိမယ်ထင်တဲ့ ဘက်ကို ငေးမျှော်ရင်း၊ ပြည့်စုံလို ဆေးလိပ်မသောက်တတ်တော့ ပန်းကလေးရဲ့ ပုံလေးကို ထုတ်ကြည့်ရင်း ........ ကျွန်တော် တံငါရွာ တဖြစ်လဲ စင်ကာပူမှာ ရန်ကုန်ကို သတိရလို့ပေါ့။



ဆရာချိမ့် က သူ့ ရဲ့ ပြဇာတ်မင်းသားဆိုတဲ့ ကဗျာ စာအုပ်ထဲမှာ ရေးဖူးတယ်



ပြန်လည် သတိရမှုမှာ အနုပညာမပါရင်..............။





ထွန်းနွယ်

No comments:

Post a Comment