Popular Posts

Monday, October 4, 2010

တံငါရွာ သို့ (၇)

တော်ဖလာ က ပြောတာကြားဖူးတယ်။ ယဉ်ကျေးမှု ရှိတဲ့ လူစင်စစ်သာလျှင် အနုပညာကို ခံစားတတ်တယ်။ ဒါ့အပြင် လုံလောက်တဲ့ စားဝတ်နေရေး ၊ လုံလောက်တဲ့ နားနားနေနေ အနားယူချိန် ၊ အဆင့်အတန်းမှီတဲ့ ယဉ်ကျေးမှု ဒီ သုံးခု ပြည့်စုံမှသာ အနုပညာ ကို ခံစားနိုင်မယ်တဲ့။ အနုပညာ ခံစားခြင်းဟာ လူသားတို့ လုပ်နိုင်ခြင်း ရဲ့ အမွန် ဆုံး ၊ ကမ္ဘာမြေရဲ့ အလှပဆုံး အလုပ်လို့ ဆိုသဗျ။ ဒါဆို အနုပညာဖန်တီးသူတွေကရော။ ကိုချောပြောခဲ့တဲ့ စကားတစ်ခွန်းတော့ အမှတ်ရမိတယ်။ သိပ္ပံပညာရှင်တွေ အနုပညာရှင်တွေ အနေချောင်သလို မနေဘဲ ၊ ယားပြီး လျှောက်လုပ်ခဲ့လို့သာ ကမ္ဘာကြီးက ကနေ့ ဒီလောက်လှလာတာ တဲ့။ နောက် စကားတစ်ခွန်း ပြောခဲ့သေးတယ် ကဗျာ ဆရာ ဆိုတာ ဟိမ၀န္တာက ကျားသစ်လေးတွေထက် ပိုရှားပါးပါတယ် အဲတော့ ကဗျာဆရာကို တန်ဖိုးထားကြပါတဲ့။ သူ က တစ်ကိုယ်လုံး ကဗျာ တွေ ရွစိထနေတဲ့ လူပေါ့ဗျာ။ သူယုံကြည်ထားတဲ့ အနုပညာအတွက် အရာရာကို စွန့်လွှတ်ခဲ့တယ်။ အောင်ခင်မြင့် က သူ့စာအုပ်တစ်အုပ်မှာ ရေးဖူးတယ် မီးဒပ်စ် ဟာ သူ့လက်နဲ့ ထိသမျှ ရွှေဖြစ်ကုန်လို့ နောက်ဆုံးမှာ ၀မ်းနည်းမှု တွေပဲ ဖြစ်ခဲ့ရသလို မောင်ချောနွယ်ဟာ လည်း သူ့ နဲ့ ခိုက်ထိသမျှဟာ ၀မ်းနည်းစရာတွေချည်း ဖြစ်ကုန်လို့ နောက်ဆုံးမှာ ကြေကွဲစရာတွေဖြစ်ကုန်ခဲ့တယ်တဲ့။ နောက် မြန်မာ အနုပညာ ရာဇ၀င်မှာ ကြည့်ကြပါအုံး ဆရာမြို့မငြိမ်း နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်။ နောက် ကိုလေးလွင် မြန်မာ ပြည်သူပြည်သားတွေ သိပ်ခံစားလို့ ကောင်းပါတယ် ဆိုတဲ့ သီချင်းတွေ ရေးခဲ့တဲ့ ဆရာ ၊ နောက်ဆုံး သူသေတော့ အ၀တ်အစားနွမ်း နွမ်း သူများ ရဲ့ ကြွေ သီးလေးတွေကို မျှော်လင့်ရင်း ခပ်နွမ်းနွမ်း၊ ဘ၀ သိမ်းသွားရဲ့။ နောက် မောင်ကျော့မှုး .. သူ့အဖေက သိပ် အောင်မြင် တဲ့ သိပ်ချမ်းသာတဲ့ လူ .. ဒါပေမယ့် သီချင်းပဲ ရေးခဲ့တယ်။ အို ပြောရရင် အများကြီးပါပဲဗျာ။



ကျွန်တော် ဘာမှ မဆိုင်တာတွေ လာပြောနေတယ်လို့ ခင်ဗျားတို့တော့ ထင်မှာပဲ။ ဒီကကိုရွှေဗမာတွေ သီချင်း အရမ်းဆိုကြတယ်။ တစ်နေကုန် အလုပ်ထဲမှာ ပင်ပန်းပြီးပြန်လာကြ ။ အိမ်ရောက်တော့ ဟဲကြပါပြီ။ ကျွန်တော် တော့ သူတို့ သီချင်း ဆိုတိုင်း ဖူးချစ်ရဲ့ ကြိုးစင်ပေါ်က မှတ်တမ်းထဲက သီချင်း ဆိုကြတာကိုပဲ သွားသွား မြင်ယောင်နေမိတယ်။



ကျွန်တော် တစ်ယောက်တည်း ပန်း လေး အကြောင်း စဉ်းစားတယ် ။ သောက်ခဲ့ဖူးတဲ့ အရက်ဝိုင်း လက်ဖက်ရည်ဝိုင်းတွေ ။ တ၀ဲလည်လည်။ ပန်းကလေးကို အံ့သြစရာလက်ဆောင်တွေ အခိုက်အတန့်တွေ ပေးခဲ့တဲ့အချိန် ပန်းလေး ပျော်သွားပုံ ၊ အပြုံး ဖူးပွင့်လာပုံ ။ ကျွန်တော်တစ်ယောက်တည်း မျက်ရည်ဝေ့ တတ်လာပြီ။ ဘာလို့လဲ မသိဘူး ပြန်စဉ်းစားတိုင်း မျက်ရည်ဝေ့ ဝေ့လာတယ်။



ကျွန်တော် ကဗျာတွေဖတ်တယ်။ သီချင်းတွေကို နားထောင်တယ်။ ကိုယ့် ၀မ်းနာ ကိုယ်သာသိ ဆိုတဲ့ ထန်းရွက်ကလေး ကို အဆောင် အဖြစ်ထားတယ်။ ကိုယ်သိတဲ့ ၀မ်းပဲ နာနေတာလား ။ သိပ်ကြီးကြီးကျယ်ကျယ် ကြီး စဉ်းစားနေတာလည်း မဟုတ်ပါဘူး။



ဟိုတစ်လောက မြန်မာပြည် က သူဌေးတစ်ယောက်အတွက် ပစ္စည်းတွေ ၀ယ်ပေးခဲ့ရတယ်။ အမှတ်တရလက်ဆောင်ပေးရန် ရိုးလက်စ်နာရီ ခြောက်လုံး ၊ အပျင်းပြေ သောက်ရန် လူဝီ သာတင်း အရက်ပုလင်း ၅ လုံး ၊ အဲ့ပုလင်းက တစ်ပုလင်းတင် စင်ကာပူ ၄၅၀၀ လောက်ပေးရတယ်။ ဒီက အလုပ်လုပ်နေတဲ့ လူတွေ တော်တော်များများ တစ်လမှ နှစ်ထောင် သုံးထောင်။ ရာသီဥတု ဖောက်ပြန်မှု နှင့် ဆင်းရဲ မွဲတေမှု မှာ ကြောက်မက်ဖွယ်အကောင်းဆုံး ကပ်ရောဂါ။



တော်ဖလာ က ဆက်ပြောတယ်။ အဲလို ပြည့်စုံတဲ့လူတိုင်းလည်း အနုပညာခံစားနေရတယ်။ ဒါပေမယ့် ဘာမှန်းမသိပဲ ခံစားနေကြတာတွေလည်းရှိတယ်တဲ့။ ကိုသီဟသူ ပြောဖူးတယ် တစ်ကြိမ်မဟုတ်တစ်ကြိမ် ရင်ထဲတော့ ထိသွားမှာပဲ။ မော်ဒန် အနုပညာဆိုတာ နာကျင်မှု ၊ ငြီးငွေ့မှု ကနေ ပေါက်ဖွားလာတာ။ အောင်ခင်မြင့် ကရေးတယ် ကိုယ်ကြိုက်တဲ့အနုပညာ ကိုယ်နဲ့ သင့်တော် မယ်ထင်တဲ့အနုပညာကို ရွေးပြီးခံစားရုံသာ။ ကောပီခေတ် လို့ အမည်တပ်တယ်။ အနုပညာ ဟာ ဈေး ကွက် ထဲ ရောက်သွားပြီ။ မာကပ်တင်း တွေ ခုနောက်ပိုင်း သိပ်ခေတ်စားနေတယ်။



ယားလို့ ရေးတာ တဲ့ ကိုတာ က ဆိုပြန်ပါရော။ ခေတ်ဟာ သိပ်မြန်ဆန်နေတယ်။ လူတွေတိုင်းဟာ ကိုယ် လက်ခံရရှိတဲ့ ဒေတာ နဲ့ ကိုယ့် ကမ္ဘာကိုယ် တည်ဆောက်တော့တယ်။ အနုပညာဆိုတာ အဲလို အွန်လိုင်းပေါ်က မြန်မြန်ဆန်ဆန် ရရှိနိုင်ပါတယ်။ ပတ္တမြား ကျောက်မျက် ရတနာတွေ ဘာလို့  တန်ဖိုး မြှင့်ရောင်းဝယ် ရသလဲ တွေးကြည့်မိတယ်။



ဘုရားက အနုပညာကို တားမြစ်တယ်။ ငါ့မှာ ဘုရားတားမြစ်တဲ့ အနုပညာကို ... ဆရာအောင်ချိမ့်။ အနုပညာ ဆိုတာကြီးက သုံးမရရင် ခေတ်အဆက်ဆက်မှာ ဘာလို့အရေးပါ အရာရောက်တဲ့နေရာ က ပါလာတာတဲ့တုံး။ ခုလည်းပါတုံး ပဲ ဆိုတာ။ စားဝတ် နေရေး ၊ လောဘ ၊ စည်းစိမ် ။ အနုပညာဆိုတာ လူတစ်ယောက် ဘယ်လောက်အဆင့်ရှိသလဲ ဆိုတာ ပြနေတဲ့ ပေတံလို (လို)။



သိုးတွေ ဘာသိလို့လဲ စားမယ်သောက်မယ် ဒီလောက်ပဲ.... အဲဒါကြောင့် ငါ့ ရဲ့အမိန့်အောက်ရောက်နေတာ... ကြာလာတော့ သူတို့ ကိုယ်ပိုင် ဦးဏှောက်ကို အသုံးမချချင်တော့ဘူး ..... အယ်လ်ကားမစ် ၀တ္တု ထဲမှာ ဖတ်ရဖူးတယ်။ လူသား ဟာ သူ့ဦးဏှောက် ကို အစွမ်းကုန် အသုံးချတယ်။ အဲ့တော့ လူသားဟာ ပြန်လည်ပြီး သူ့ဦးဏှောက် ပြန်လည် ပိတ်နှောင်ထားရတယ်။



ဘာသာရေး။ လူ့ကျင့်ဝတ်။ ဥပဒေ။ ယုံကြည်မှု။ သင့်ချစ်သူ သေသွားလို့ သင့်ချစ်သူ ရဲ့ ပုံကို ပုံတူ မျိုးပွားပေးမယ် ဆိုရင်..... လူသားတွေ ရှော့ဝင်ကုန်တယ် အုပ်ချုပ်သူက လူသားရဲ့ ဦးဏှောက် ကို အစွမ်းကုန် ပိတ်ပင်တယ်။ လူ့ဘောင် တခုကို ပြောင်းလဲမယ် ဆိုတဲ့ ကောင်းတဲ့ ယုံကြည်ချက်နဲ့။ ပိုကောင်းသော လူ့ဘောင် အတွက်။ လူသား ရဲ့ စိတ်ကူး ဥာဏ် ကွန့်မြူးမှု ကို ပိတ်ပင်တယ်။



ရှင် ဂေါတမ ဟာ တဏှာ ကို တားမြစ်တယ်။ ပဋိ စ သမုပ္ပါတ် မှာ ကွင်း ဆက်တစ်ခုကို ဖြတ်ခိုင်းတယ်။ အခြေခံက ရုပ်တရား။ ရုပ်တရားကို အခြေခံပြီး စိတ်ဖြစ်လာတယ်။ ရုပ်နဲ့ စိတ်ကြားမှာ ဥာဏ် နဲ့ ဖြတ်ချရတယ်။ ပညတ် နဲ့ ပရမတ် ဆိုတာ ဆက်လာတယ်။ ကောင်းမှု မကောင်းမှုတွေနဲ့ ဘာသာတရား တည်ဆောက်တယ် ။ လူ ရဲ့ စိတ်ကူး ကွန့်မြူးမှုကို စည်းတားတယ်။ အဓိက က အနတ္တ ၊ သုညတ ဖြစ်ရမယ်။ ဒီမှာ အဓိက က ဥာဏ် ၊ သတိ ဥာဏ် ၊ အသိဥာဏ် အဲဒါနဲ့ ဖြတ်ရတယ်။ အဲဒီအတွက်သမာဓိ ထူထောင်ရတယ်။ ဒါပေမယ့် အဲ့ သမာဓိ ကို ပြန်ဖျက်ချရတယ်။ ရှင်ဂေါတမရဲ့တရားက ဘာပဲဆိုဆို ဘာပဲလာလာ အနတ္တ မှာပဲ အားလုံး ချုပ်ရတယ်။



ည ရောက်လာတော့ ခါတိုင်းလို ကိုယ်ချစ်တဲ့သူ ရှိတဲ့ ၊ တိုင်းပြည်၊ ကိုယ်ချစ်ခင်ရတဲ့ ဓလေ့ ရှိတဲ့ အရပ် ၊ ကိုယ်သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိရာဘက်ဆီ ငေးမျှော် .... ခြောက်သွေ့နေတဲ့ ကန္တာရကနေ လရောင် ထိုးကျနေတဲ့ မြစ်ကမ်းစပ်လေးဆီ လှမ်းမျှော်နေရသလိုပဲ... ဒီလိုပဲ .. ဒီမှာ ရှိသမျှတော့ ဒီရောဂါ။ ဘာကိုမှ တွေးပြီး စိုးမရိမ်ဖြစ်တာလည်း ကြာပြီ ။ ဟိုအကြောင်း ဒီအကြောင်း စူးစမ်းလျက်ပါပဲ။ ဒီလိုပဲ ဆက်ရအုံးမှာပေါ့ မသေခင်သေးသမျှတော့။



ကျွန်တော်တို့ အသက်ဆက်ရတာ ဘာမှ မမြင်ရတဲ့ အမှောင်ကြီးထဲ တိုးဝင်နေရတာပါပဲ။



ပန်ဒိုရာရဲ့သေတ္တာ ထဲမှာ မျှော်လင့်ချက် ကျန်သေးတာ ကံကောင်းတယ် ပြောမလား ကံဆိုးတယ်ပြောမလား။



ပရို မီးသီးယပ်စ် က သက်ရှိတွေဖန်တီးတော့ သူ့ညီက တခြား သက်ရှိတွေမှာ ခွန်အားတွေ အမျိုးမျိုး ထည့်ထုလုပ်လိုက်ပြီး ၊ လူတွေကျတော့ အကောင်သေးအောင် ဖန်တီးထားတဲ့အတွက် ပရိုမီးသီးယပ်စ် က လူတွေကို ဦးဏှောက်ထည့်ပေးခဲ့တယ်ဆိုလား။



ကျွန်တော် ကိုယ်တိုင်လည်း ဘာမှ လုပ်ချင် ကိုင်ချင် စိတ်မရှိတာလည်းပါမယ်။ ဆက်ပြီးတော့လည်း မရေးချင်တော့ဘူး။ သယ်ရင်း လူလင်းကတော့ သူ့ ဟန်ပျက်ခြင်းတွေကို ဒီ ငြီးငွေ့စိတ် နဲ့ တီးခတ်နေတယ်တဲ့။ ကျွန်တော် ရော............ ကျွန်တော် က ငြိးငွေ့လွန်ပြီး တီးကို မတီးချင်တော့ဘူး။ ဒီ တံငါရွာသို့ (၇) ဟာ ဒီ စီးရီး ထဲက နောက်ဆုံးပါ။ ဘာမှ မပြောချင်တော့တဲ့ အဆုံး ........................................................................



ပန်းကလေး ၊ မိသားစု ၊ သူငယ်ချင်းများ ၊ နောက် ရန်ကုန် ၊ မြန်မာ...........

.....................................................................................တိမ်တွေဖုံးနေတဲ့ ဟိုဘက်နားလောက်ဆီမှာနေမယ်နဲ့ တူတယ်။ ။



ထွန်းနွယ်

No comments:

Post a Comment