Popular Posts

Monday, October 4, 2010

တံငါ ရွာသို့ (၁)

ဒီနေ့က သြဂုတ် ၁ ရက် ၊ တနင်္ဂနွေနေ့ ။
ဟိုအရင်တုန်းကတော့ တံငါရွာလေး ပေါ့။ ခုတော့ အဲ့တံငါရွာက ငါးမဖမ်းဖြစ်ပဲ ကြီးပွားနေရဲ့။ ကိုယ်လဲ အသစ်အဆန်း ဆိုတာ့ လေယာဉ်ပေါ်မှာ တွေး ရင်း ငေး ရင်း ..။ လေယာဉ်မယ်လေး တွေခမျာ မအားလပ်ရှာပါဘူး ၊ တိမ်တွေကလည်း ပျင်းစရာကြီးပါ။ ဘယ်သူကများ ကိုယ့် နိုင်ငံ မြေပေါ်က မဟုတ်ပဲ တိမ်တွေကြည့်ချင်မှာတုံး မဟုတ်ဘူးလား။ လေယာဉ် ပေါ်မှာလည်း ကိုယ်လိုသူလိုတွေချည်းပါပဲ။ ဘေးက ကောင်မလေး ခများ ကြောက်လန့်နေရှာတယ်။ သွေးတွေဆုပ်လို့ ၊
သူ့ အားပေးချင်ပေမယ့် ကိုယ့်လည်း ကိုယ့်အပူအပင် ကိုယ့် အလွမ်းတွေနဲ့ကိုယ်။ လက်သီး ဆုပ် အားတင်းပြီး မျက်နှာမှာ အပြုံးတခု ရဖို့ အားထုတ်နေရတာ။ ဟော.. ဟိုတွေး ဒီတွေးပါပဲ လေယာဉ်ဆိုက်ပြီ တဲ့။

မိုးက ဖွဲဖွဲလေး ရွာနေတယ်..။ လွမ်း ရပါတယ်ဆို ကိုယ့် အလွမ်းတွေက ညို့ ညို့ ညိုလွင်လာတယ်။ ကဲ တွေ့ပါတော့မယ်
လူဝင်မှု။ လူတွေများ ခက်ပါတယ် ဘာသာစကားတွေ ကွဲပြားသွားတာနဲ့ပဲ နာမည်တွေ သတ်မှတ် ဘောင်တွေတား နဲ့ ဒီ ကမ္ဘာပေါ်မှာ ဒုက္ခခံလူဖြစ်လာရတဲ့ လူတွေ အချင်းချင်းကိုများ စစ်ကြ အုံးမတဲ့ ကြီးကြပ်ကြအုံးမတဲ့။ ကဲ တတ်နိုင်ပါဘူး ခေတ်ကာလ လူ့ဘောင်ဆိုတော့လဲ ကဲ လုပ်ကြပေါ့ လုပ်ကြပေါ့။

လေဆိပ်ကြီးကတော့ ကြီး ရှာပါတယ်။ အင်း ဒီလောက်တော့ ရှိရမှာပေါ့ ထူးပြီးတော့ မအံ့သြမိပါဘူး။ ဒါပေမယ့် ဒီမှာ ရေသိပ် ရှားပုံ ရတယ် တို့ ဆီမှာဆို ရေကို လူလိုသူလို ခွက် နဲ့ ကူလာ နဲ့ သောက်ရသေးတယ်။ ခုတော့ ဘုံဘိုင် ခေါင်း ကြီးနဲ့ တော်ပါ။ အင်း လေယာဉ်ဝင်ပေါက်ကနေ လူဝင်မှု ထိက ဝေးတော့ ဝေးသား။ လျှောက်ပေါ့။ ရွေ့လျားလမ်းတွေ တော့လုပ်ထားတာ တွေ့တယ် တော်ပြီ ကိုယ်က မြန်မာ ဆိုတော့ ဖြည်းဖြည်းလေးလေး ပဲ ရွေ့ချင်တယ်။

ရောက်ပါပြီ လူဝင်မှု။ တန်းစီရတယ် ကိုယ်တွေတင်မဟုတ်ဘူးပဲ မြန်မာပြည်က လူတော်တော်များများ အထင်ကြီးနေတဲ့ အနောက်က လူတွေလည်း ကိုယ့်နောက်မှာ ဟဲ ဟဲ ကိုယ့်ဘာသာတောင် အထင်ကြီးလိုက်ချင် သလိုလိုပဲ ။ အံမယ် စင်ကာပူ ကုလားမကြီးပါလား၊ ရုပ်ကလည်းတင်းပါ့ ။ ရောက်ရောက်ချင်း ပြောပလိုက်တဲ့ ဘိလပ် စကား ၀ါး ၀ါး ၀ူး ၀ူး ပဲ ကြားလိုက်တယ် ကိုယ်က မြန်မာ ပြည်က အကျင့်မပျောက်သေးတော့ ဗျာ! ကနဲ အာမေဋိတ်က၊
ဟ ဟား။ နောက်တော့ ဟိုမေး ဒီမေးပါ ဘာလို့လာတာလဲ တကယ် အလည်ပဲလား ဟုတ်ကော ဟုတ်လား မင်း ဘာလဲ ငါဘာလဲ ပေါ့။ နောက်တော့လည်း ဒုန်း ကနဲပါပဲ။ အစကတည်းက ဒုန်း ရမယ့် ကိစ္စကို လကား မြန်မာပြည်က ဆို ပြီး အထင်သေးတဲ့မျက်လုံး နဲ့ ။တော်ပြီ ရှေ့မှာအိတ်သွားရွေးပြီး ကိုယ့်လာကြိုမယ့် အကိုတွေ သွားရှာတာပဲ ကောင်းတယ်။

အကိုတွေတွေ့တော့ ၀မ်းသာရတာပေါ့ စွန့်စားခန်းမှာ အားကိုးရမယ့်လူတွေမလား။ သူတို့ကလည်း ၀မ်းပန်းတသာပဲ။ အူလူး ချီးဗက်တလုံး ၀ယ်ခဲ့တဲ့ လှမ်းပြောတော့ ကိုယ်လဲ ဆိုင်ကိုသွား ၊ တရုတ်အသံထွက် ချီးဗား တစ်လုံးဝယ်လိုက်တယ်။ ကိုယ်က ထင်တာ စင်ကာပူဆိုတာ တိုက်တွေ လွှတ် ပြွတ် သိပ်ပြီး မြေကြီးလိုက်ရှာနေရတဲ့ နေရာ ထင်တာ လေဆိပ်က အထွက် စ စိမ်းစိမ်း စိုစို အပင်တွေလည်း စုံတယ် သပ်ယပ်တယ်။ အင်း အထင်ကြီးဖို့တော့
ကောင်းသား ဒါလေ ဆိပ် အထွက် မို့ ထင်ပါတယ်။ ဟိုင်းဝေး လမ်းအတိုင်း မြို့ထဲကဖြတ် နေရမယ့်နေရာက ဟို အစွန်မှာ ။ တကယ် အံ့သြဖို့ကောင်းတာက ကိုယ်ထင်သလို မဟုတ်တာပဲ ။ တစ်မြို့လုံစိမ်းစိမ်းစိုစို ဆိုတော့ သိပ်တိုးတက်နေတဲ့ ရန်ကုန်မြို့ ရောက်သလိုပဲ ခံစားရတယ်။ သိပ် သူစိမ်း မဆန်လှပါဘူး ကောင်းပါတယ်။ နေရတာ။

တစ်ခုပြောဖို့မေ့နေတာ ဒီမှာက မောင်း တဲံ့စံနစ်က ရန်ကုန်နဲ့ ပြောင်းပြန်ကြီး ။ ပြောင်းပြန်ကြီးဖြစ်မှာပေါ့ ဘယ် နဲ့ ညာ ၂ခုတည်း ရှိတာကိုး။ ဘယ်မဟုတ်တော့ ညာပေါ့။ ဒါလည်း မထူးပါဘူး။ ကိုယ်နေရမယ့် နေရာက ၁၅ ထပ်မှာ။ မိုက်သား။ လေ လေးတွေ ညင်းနေတော့ ပါလာတဲ့ စင်ကာပူ အခေါ် ချီးဗား နဲ့ ဂွတ် တယ်။ အမြည်းတွေ ကလည်း ခုမှ လတ်လတ်ဆတ်ဆတ်ပါလာတာဆိုတော့ သိပ်အထူးလှပါဘူး တစ်နေရာအလည်လာပြီး ပြောင်းသောက်နေသလိုပါပဲ။

ညနေစောင်း MRT ကဒ် ၊ ဖုန်း ကဒ် သွားဝယ်တော့မှ ဘာကွာ လဲ ဆိုတာ စတွေ့တာပဲ။ လူတွေက အချင်းချင်း ဆက်ဆံ ကြတာနည်းတယ် ကွန်ပြူတာကြီတွေ မျက်နှာမူလို့ လှုပ်ရှားမှုတွေက ပုံသေနည်း ဆန်နေတယ် တောင့်တောင့်ကြီးတွေ ခံစားချက်ကင်းမဲ့နေတဲ့မျက်နှာတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် စက်ကရိယာဆန်ဆန် သူစိမ်း ဆန်ကြလို့ ATM စက်ရှေ့ မျက်နှာကြီးတွေမူလို့ ကဒ် တခုထည့် ကိုယ့် ပိုင်ဆိုင်မှု ပြန်ယူ ၊ တည့်တည့် လျှောက်သွား ရှေ့မှာ ဂိတ် ၊ တီ ကနဲ ဖြတ်ချလိုက် ၀င်လို့ရသွားပြီ အင်း ဒါကတော့ အနုတ် တွေ ဘာညာတွေ မလိုလို့
အဆင်ပြေလှသည် ။ လူတွေ ကြည့်ရတာ တောတောင် တွေ တိမ်တွေ ရှုခင်းတွေ အီမိုရှင်နယ် လိုက်ဖ် တွေထက်
လျှပ်စီး စီးနေတဲ့ ဆားကဒ် မီးရောင်စူးစူး စက် တန်ဆာပလာတွေအတိုင်း ဆက်ဆံ ပြီး ထစ် ထစ် ထစ် ထစ် ချောမွေ့စွာ
လှုပ်ရှားရှင်သန် တွေ့ပါပြီဗျ စင်ကာပူ ၊ ဟိုးအရင်က တံငါရွာ နောက်တော့ စီးပွားရှာလို့ကောင်းလို့ တရုတ်တွေရောက်လာ များလာတော့ မလေးရှားက ခွဲထွက် ကိုယ့်ပိုင်နက်လုပ် ၊ အင်မတန် လှပတဲ့ ဗျူဟာလေးတစ်ခုပေါ့။ အဲ့ဒါ တကယ့် စင်ကာပူဗျာ ကျွန်တော် လာခဲ့တဲ့ တံငါရွာ လေးရဲ့အကြောင်း ခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့တော့တယ်ဗျာ။ ငါးဖမ်း ရင် ပြန်လာတဲ့ လူကို စောင့်ကြိုမယ့်လူ မရှိတော့ဘူး ။ ဒီနေ့ ဘယ်လောက်မိလဲ အဆင်ပြေသလားဆိုတဲ့ နွေးထွေးမှု မျိုး ၊ ငါးပိုက်တွေ ငါးတွေ ထမ်းလာတဲ့လူတွေ ဒီနေ့ ဆားကစ်တွေရှေ့ ဆားကစ်တွေနဲ့ ဆက်ဆံ ဆားကစ်တွေနဲ့ စကားပြော ဆားကစ်တွေ ရှော့မ၀င်မချင်း ငြိမ့်ငြောင်းစွာ သွားမှုမျိုးနဲ့ ရှာဖွေမှု ပျောက်ဆုံး ဘ၀ အဓိပ္ပါယ်ပျောက်ဆုံး။ ဆားကစ်တွေ ရှော့ဝင်ရင်တော့ တန်းပျက်သွားတတ်ကြတယ် ဒါဆို
ဒီလူတွေမှာ ရှော့ဝင်ကုန်ရင်ကော......................

ဒီမှာ ကိုယ့်ကိုကိုယ် သတ်သေမှု၊ စိတ်ဓါတ်ကျမှုတွေ သိပ်များ ပဲ ဆိုလား လက်ကီးဆဲဗင်းမှာ လက်ဖက်ရည်သောက်ရင်း လက်ဖက်ရည်းခွက်လေးကို လျှာဖျားမှာတင် ပြီးတော့ ခဏချ အဲလို ဆွေးနွေးခဲ့ဖူးတယ်။ ။

ထွန်းနွယ်

No comments:

Post a Comment