Popular Posts

Monday, October 4, 2010

ဘာမှ မပျောက် သွားတဲ့နေ့က

ဝင်ကစွပ်ရယ် ၊

ပိုးတုံးလုံးကောင်ရယ် ၊

မြွေရယ် ၊

လိပ်ပြာရယ် ၊

ပုစဉ်းရယ် ၊

ဖားရယ် ၊

နောက် ကျွန်တော်ရယ် ၊ လူလင်းရယ် ၊ ကိုပြေစိုးကျော်ရယ်။



လပ်ကီးဆဲဗင်း ၊ ၀င်း ၊ ၀ူဒီဟောက်စ်

လူလင်း က ဒီနေရာတွေကို က မထွက်တတ်ဘူး။



ကိုပြေစိုးကျော် တစ်ခါတစ်လေ ရောက်လာတတ်တယ်။



ကျွန်တော် လျှောက်သွားနေတတ်တယ်။



နောက်နေ့ကျ ခေါင်းထဲရောက်လာတာ ၂၀ ရာစု ရဲ့ ရေပန်း

အဲ့နေ့ကျတော့ စဉ်းစားမိနေတာ အမေ နေမကောင်းဘူး ဆိုတဲ့အကြောင်း။



ပုရိတ်ကြီး ၁၁ သုတ်ကလည်း ပါသေးတယ်။ ပဲခူးမှာ လူနှစ်ယောက်သေတဲ့ ကိစ္စ ၊ သေပေါ့၊ ဘာပဲဖြစ်ဖြစ် သေကြမှာမလား။

အစိုးရ ချင်ကြတဲ့လူတွေအကြောင်းကလည်း ခေါင်းထဲ ၀င်ဝင်နေသေးတယ်။ SAVED FROM WHAT?။

ကမ္ဘာကြီး ပူနွေးလာတာ။ ဟိုနေရာ ဒီနေရာ ရေကြီးနေ တာတွေ။

ငယ်ငယ်တုန်းက ပုရွက်ဆိတ်တွင်း ရေသွားလောင်းတာ ကိုသွားသတိရနေတယ်။



မျှော်လင့်ချက် နဲ့ သံသယ ဘယ်တုန်းက ကင်းဖူးလို့လဲ ဆိုတဲ့ ကဗျာ အစကို ပဲ သွားသွားရွတ်မိနေတယ်။

အဖန်တလဲလဲ တည်ဆောက် ဆောက်တည် ရာမရဖြစ်နေတာတွေ။

ဒီအတွက် ဘာသာတရား ဆိုတာ လိုအပ်တယ်။



ထုတ်ချင်းပေါက်ထားတဲ့ ဒဏ်ရာက သွေးမတိတ်သေးဘူး။

မွေးကတည်းက ပါလာတဲ့ ဒဏ်ရာ။ ဒါဟာ သင်္ကေတ ၀ါ ဒလား။



မသိစိတ်ထဲမှာ အသိစိတ်ဟာ လွင့်ပါလာတယ်။ သိစိတ်ထဲမှာ မသိစိတ်က စင်းစင်းကြီး။



ဟိုလူပြော ဒီလူပြောတွေ လိုက်လက်မထောင်နေရတာ။ ထောင်နေမိတာ။ လက်ခံနေတာ။



၂ယောက် ယှဉ်ထိုင်ပြီး ဖေ့ဘုတ် သုံးနေကြတဲ့ ချစ်သူ စုံတွဲ တစ်တွဲ။



အော်သံ နက်နက်(အမည်းမဟုတ်ပါ) ကြီး ကြားလိုက်ရသလိုပဲ။

မဟုတ်ဘူး အော်သံ ဖြူဖြူ တွေ နေရာတိုင်းမှာ ပြည့်နေတယ်။ ကြားရလား။ဟင့်အင် ကြားရတယ်။



နေ၀င်မီးပိတ် ပုရွက်ဆိတ်များ (အရိုး)

ချစ်ဖို့ ကောင်းလိုက်တဲ့ ၊ တွယ်ငြိဖို့ကောင်းလိုက်တဲ့ လူ့ဘ၀။

ပေါင်တံဆယ်စွယ်ရောင် လေးတွေဆီမှာပဲ လွတ်လပ်မှုဟာ ပျက်ကျနေရတယ်။



သိုးကျောင်းသား မဖြစ်ချင်ဘူးလား။

စိတ်လိုရာ မဖြစ်မှ ဖြစ်မယ်။ နို့မို့ လောကကြီး မချောင်ဘူး။

ကိုယ့်ကိုကိုယ် မာသာ ထရီဇာ ဂိုက်ဖမ်းလို့။ ဂန္ဒီ ပုံစံနဲ့။ ၀ါရှင်တန်လိုလို။

တကယ့် လူသား ရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး အစွန်းရောက်သွားတဲ့အခါ..............



အရူး (လို့သတ်မှတ်ထားသူ) ထောင် ထဲထည့်ပလိုက်တယ်။ ဟင့် အင် ငါမရူးသေးဘူး။

အဲဒီမှာ မြန်မာစကားပုံလှလှ ဘယ်အရူးမှ ရူးတယ်လို့မပြောဘူး။



ဟုတ်ကဲ့။ ဒါနဲ့ပဲ ကျွန်တော် ရူးခဲ့ရပါတယ်။



ဟုတ်ကဲ့။ လောကကြီး ဒါနဲ့ပဲ ကျွန်တော် ရူးခဲ့ရပါတယ်။



မင်း ဒီစည်း မကျော်နဲ့။ ကျောင်ရင် ဖောင်းတယ်။ ထမင်းရည်စည်း။

လောကကြီးက ထမင်းရည်စည်း။



မကုန်နိုင်မခန်းနိုင်တဲ့ တက္ကသိုလ်ကြီး။

ဒီကနေ သညာ ယူပါလေ။ ပညာ နဲ့ သညာ။ ကြားထဲမှာနေပါလေ။

အလယ်အလတ်သည် အကောင်းဆုံး။



ဟင် ဘာလို့လဲ။ လှေကားထစ် တွေ ကျော်နင်းရင် ပြုတ်ကျတတ်တယ်။

ပြုတ်ကျချင်လို့ ကျော်နင်းရင်ရော။ ကျော်နင်းချင်လို့ ပြုတ်ကျရင်ရော။

ဟာ ဗျာ မနင်းတော့ဘူး။



ဒါဆို မင်းကို ပြန်ပို့မှာနော်။



ဒီလို ဒီလို။ ဒါလို ဒါလို။ အခြေအနေ အခြေအနေ။ အချိန်အခါ အချိန်အခါ။

နို့ အဲဒါ က ဘယ်တော့လာမှာလဲဟင်။

လာချိန်တန်လာမယ်။ လာချင်မှလည်းလာမယ်။ ဂိုဒေါ့ကို စောင့်စားခြင်း။



သွားစို့။ (ဘယ်သူမှနေရာမရွေ့ကြဘူး)

ဒုက္ခ ကို သိရမယ်။ ဒုက္ခ လွတ်မြောက်ရာ သိရမယ်။ ဒုက္ခဘယ်လိုဖြစ်လဲဆိုတာ သိရမယ်။ ဒုက္ခ ကိုဘယ်လိုဖြတ်မလဲဆိုတာသိရမယ်။

ဟင်...............အကုန် သိကုန်လို့ မဖြစ်သေးဘူး။

အကုန် ကျင့်ကုန်လို့မဖြစ်သေးပါဘူး။

အကုန် ပြတ်ကုန်လို့ မဖြစ်သေးပါဘူး။



အဲ့ဒါပြောတာပေါ့ ကမ္ဘာကြီး ကိုယ့်ဟာကိုယ်နေရပါတယ်ဆို။

မင်းတောင်းဆို စရာမလိုဘူး။ မင်းတောင်းဆိုလိမ့်မယ်။

မင်းဆုတောင်းစရာမလိုဘူး။ မင်း ရလိမ့်မယ်။

မင်းမျှော်ရမှာ မဟုတ်ဘူး။ မင်း မျှော်လိမ့်မယ်။

မင်းပျော်ရမှာမဟုတ်ဘူး။ မင်းပျော်လိမ့်မယ်။

မင်းပျင်းရမှာမဟုတ်ဘူး။ မင်းပျင်းလိမ့်မယ်။



ကျွန်တော် အသက်ရှင် ရပါအုံးမည်။

သိပ်တော့မရေရာပါ။ မရေရာတဲ့အတွက်ကို ကျွန်တော် အသက်ရှင်ရပါအုံးမည်။

သို့မဟုတ် အသက် အတွက်ကို ကျွန်တော် အသက်ရှင်ရပါအုံးမည်။

သို့မဟုတ် သို့မဟုတ် သို့မဟုတ် အတွက် ကျွန်တော် အသက်ရှင်ရပါအုံးမည်။



မသိပါ။ မသိပါ။မသိပါ။ မ သိ ပါ။

ကိုယ့်ဘာသာ သတ်သေတဲ့လူတွေ အကြောင်းကြားတိုင်း အားတက်မိသည်။

ဘာလို့လဲမသိပါ။ ဘာလို့လဲမသိပါ။ ဘာ လို့ လဲ မ သိ ပါ။



ထိုနေ့ က မိုးမရွာပါ။ နေသာမသာ လည်းမသိပါ။ အင်း မိုးရွာချင်လည်းရွာနေမှာပေါ့။

နေသာချင်လည်း သာနေမှာပေါ့။



ထိုနေ့ ကတော့ သေချာပါသည်။ ဟုတ်ပါသည်။ ထိုနေ့။

ထိုနေ့က ပျောက်မသွားခဲ့ပါ။

နွယ် ပျောက်မသွားခဲ့ပါ။

လူလင်းပျောက်မသွားခဲ့ပါ။

ကိုပြေစိုးကျော် ပျောက်မသွားခဲ့ပါ။

ကိုသီဟသူ ပျောက်မသွားခဲ့ပါ။

မိသားစု ပျောက်မသွားခဲ့ပါ။

သူငယ်ချင်းများ ပျောက်မသွားခဲ့ပါ။

ဖားများလည်း ပျောက်မသွားခဲ့ပါ။

ဝင်ကစွပ်ကောင်များလည်း ပျောက်မသွားခဲ့ပါ။

ပုစဉ်းများလည်း ပျောက်မသွားခဲ့ပါ။

မြွေများလည်း ပျောက်မသွားခဲ့ပါ။

ဝံပုလွေများလည်း ပျောက်မသွားခဲ့ပါ။

အစိုးရ ချင်သူများလည်း ပျောက်မသွားခဲ့ပါ။

သီချင်းဆိုချင်သူများလည်း ပျောက်မသွားခဲ့ပါ။

သမိုင်းလည်း ပျောက်မသွားခဲ့ပါ။

အရူးမျာလည်း ပျောက်မသွားခဲ့ပါ။

သေသွားသူများလည်း ပျောက်မသွားခဲ့ပါ။

ထို့အတူ ကျွန်တော်လည်း ပျောက်မသွားခဲ့ပါ။



ထို့ကြောင့် ကျွန်တော် ဒီ စာပုဒ်ကို ရေးဖြစ်ခြင်း ဖြစ်ပေလိ့မ်မည်။

ဟုတ်သည် ကျွန်တော် ပျောက်မသွားခဲ့ပါ။

ဟုတ်သည်ဟုထင်သည်။ထိုနေ့က ကျွန်တော် ပျောက်မသွားခဲ့ပါ။ ။



ထွန်းနွယ်

No comments:

Post a Comment