Popular Posts

Monday, October 4, 2010

တံငါရွာသို့ (၄)

၎ ရက်မြောက်နေ့။
မှောင်နေတယ်၊ အကြီးအကျယ်ကြီး မှောင်နေတယ်။
ဟောဒီမှာ ကျွန်တော်တစ်ယောက်တည်း ကွက် မှောင်နေတာ။ မဟုတ်ဘူး။ ကိုယ့်သူငယ်ချင်းလည်းရှိသေးတယ်။သူရော.. မသိဘူးဗျာ။ စင်ကာပူ တစ်နိုင်ငံလုံး မှာ အလုပ်မရှိ ပဲ ထိုင်နေတာ ဆိုလို့ အဘိုးကြီးတွေရယ် ကျွန်တော်တို့ ရယ်တွေပဲ ရှိမယ်ထင်တယ်။ ဘယ်သွားရမလဲ။ သွားစရာ နေရာ ကုန်သွားပြီ ထင်တယ်။ ဟုတ်ပြီ မနေ့က သွားခဲ့တဲ့ ဘူကစ် စထရိ ကို ပြန်လိမ့်ရမယ်။ သူငယ်ချင်း ကိုခေါ်ပြီး။ တစ်နေကုန် ယူကျု့၊ အွန်လိုင်း၊ အီးဘုတ်။ လူလင်း ပြောသလိုဆို ဖြေဖွနင်း ၊ အင်း ဟုတ်တယ် ခြေကိုဖွဖွ လေးနင်း ငါအသက်ရှင် နေတာ ဘယ်သူမှ မသိစေနဲ့။ ငါ ဖြစ်တည်နေတာ။ ဘယ်သူမှ မသိစေနဲ့။ ဒါပေမဲ့ ငါသိနေတာပဲ။ ငါ ဘာလုပ်မလဲ။ ငါ ဘာလုပ်မလဲ။ ငါ ဘာလုပ်မလဲ။

ဒီလိုနေ့မျိုးဆို လပ်ကီးဆဲဗင်းမှာ ကျစိမ့် ချိုးလေးနဲ့ ထိုင်နှပ်၊ ကဗျာစာအုပ် တစ်အုပ်လှန်။ ဟင် ကျွန်တော့် ကဗျာစာအုပ်တွေ ထားခဲ့ရတယ်ဗျ။ အလိုရှိတိုင်း မလုပ်နိုင်တာ လူ့ဘ၀ ဆိုလားပဲ နှစ်သိမ့်သလိုလို ဖြေသိမ့်သလိုလို စကားလဲ ကြားဖူးတယ်။ အလကားပါဗျာ။ အိုရှိုး ဆိုတဲ့ မုတ်ဆိတ် နဲ့ ငနဲ တစ်ဗွေကတော့ ဦးဏှောက် အလိုကို ပိတ်ပင်လိုက်ရင် လူဟာ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားရမယ်ဆိုလား ပြောဖူးတယ်တဲ့။ ဖတ်ဖူးတာပဲ။ စိတ်တွေက လေနေပြီ။ ဒီအခန်း ထဲမှာ ကျွန်တော်တစ်ယောက်တည်း ပိတ်မိနေတယ်။ အပြင်မှာ ကိုယ် မရင်းနှီးတဲ့ မျက်လုံးစိမ်း။ သူစိမ်း အရာဝတ္တုတွေ၊ အားလုံး စိမ်းကားနေတာမှ ကျွန်တော် ရှိမှန်းကော သိကြရဲ့လား။ သိတယ် လာမပြောနဲ့ လုံးဝကို မယုံတာ။ မေးလ်တွေသာ ပို့နေရတယ် ရီပလိုင်း တစ်ယောက်မှမပြန်။ သိကြရဲ့လားဟင် ကျွန်တော် ခင်ဗျားတို့ ဆီကို မေးလ်တွေ ပို့နေတယ်လေဗျာ။ လေတယ်။ လေတယ်။ အကြီးအကျယ် စိတ်လေတယ်။ ပန်းလေးနဲ့လည်း အဝေးမှာ ..။ အရင်ကဆို လမ်းထဲက ဧကရာဇ်ပန်းလေးတွေကောက်ကောက်လာပြီး ပန်းလေးကို ပေးနေကျ။ ကိုယ့်မှာလည်း အဲ့အနံ့ နဲ့ မွှေးကြိုင်လို့။ ဒီမှာတော့ ဘယ်ကလွင့်လာမှန်းမသိတဲ့ ချောကလက်မီးဖုတ်နံ့ ။ အစက ပဲပုတ်မီးဖုတ်တယ်မှတ်ပြီး ကိုယ့်မြန်မာတွေလည်း အနားမှာ ရှိတာပဲပေါ့ ဆို ၀မ်းသာနေတယ်။ ဘယ့်နှယ့် ပဲပုတ်မီးဖုတ် ရမှာလဲ ချောကလက် မီးဖုတ်နံ့။ တော်တော်ပြင်းတယ် ကျွန်တော့်နားမှာ ရက်စက်စွာ သူတို့ လာဝေ့နေကြတယ်။ အခု ကျွန်တော် ရေးသလို ရက်စက်စွာ လာဝေ့နေတာ။ ခေါင်းတွေက နောက်ကျိနေပြီး။ ကလိုရင်းနံ့ ၊ ချောကလက်မီးဖုတ်နံ့ တကယ် အခု ကျွန်တော် ရေးသလို ကို အနံ့ တွေနဲ့ ခေါင်းနောက်ကျိနေတာ။

ညနေရောက်ဖို့ကို မနက်ကတည်းက ထိုင်စောင့်နေရတယ်။ ကြည်ဇော်အေး အဲလို ဆိုခဲ့ဖူးသလား၊ မမှတ်မိတော့ဘူး။
ခုလည်း ကျွန်တော် ထိုင်စောင့်လိုက်။ ထစောင့်လိုက်။ နေက စောင်း မစောင်းနိုင်သေးဘူး။ စောင်းတဲ့ကိစ္စသာပြောနေတာ ကိုယ်က နေလည်းမြင်ရတာမဟုတ်ဘူး။ နာရီကို ကြည့်နေတာ ချိန်းထားတာက ခြောက်နာရီ။ နေရာက ဘူကစ် အမ်အာရ်တီ ရှေ့ မှတ်တိုင်။ ဟုတ်ပြီ။ ပြန်ရွတ်ကြည့်မယ်။ ချိန်းထားတာက ခြောက်နာရီ။ ဟုတ်ကောဟုတ်လား။ ဟုတ်ပါတယ်။ ခြောက်နာရီပါ။ ခြောက်နာရီ ဒီမှာမမှောင်သေးဘူးလေ။ ပြန်မေးကြည့်ရမယ်။ ခြောက်နာရီ အော် အေး ဟုတ်ပြီး။ ဘတ်စ် မှတ်တိုင်ကနော်။ အော် အေး အေး အေး။

ဘေးအိမ်က ငိုနေတဲ့ ကလေးသံ... အဲဒါ ဇေယျာလင်း ကဗျာထဲကပဲ။ ဖေ့ဘုတ်က လည်း စပေါ်ကတည်းက ဒီအရောင်။ နည်းနည်းပါးပါး အရောင်လေး ဘာလေးပြောင်းပါလား။ နွယ်.. ရှိပါသလား နွယ်။ နွယ်။ နွယ်။ နွယ် မငိုနဲ့လေ။ မောင် မငိုနဲ့လေ။ မောင် မငိုဘူလေး။ နွယ်. လည်းမငိုနဲ့လေ။ အဲလို ဟဲလို ဟဲလို ဘယ်သူလဲ ကို......... ပါလား။ အဲဒါ ဘယ်ကလဲဟင်။ မသိတော့ဘူး။ အဲ့အတိုင်း ကျွန်တော် မသိတော့တာ။ တကယ်။ နာရီ ၂ ချက် တိတိကို ထခွဲ သွားပြီ။ မနက်မိုးလင်း ကတည်းက လူမမြင်ရတာ ၅ နာရီ တိတိ ရှိသွားပြီ။ မျက်လုံး က ကြောင်စီစီ နဲ့ စကရင်ပေါ်မှာ။ ဘာကို ရှာနေတာလဲ။ ဘာကို ကြည့်နေတာလဲ။ ဘာမှ မမြင်ရတော့ဘူး။ ကိုယ့် ကို ကိုယ် တစ်ယောက်တည်း အခန်းထဲက ကွန်ပြူတာ ရှေ့မှာ တစ်ယောက်တည်း ထိုင်နေတာ။ ပြူးကျယ်တဲ့မျက်လုံး အစုံ က စကရင်ပေါ်က မခွါဘူး။ အဲဒါကို ပဲ ပြန်မြင်နေရတယ်။ အထီးကျန်တယ် ဆိုတာ ခု ငါမြင်နေရတဲ့အတိုင်းနေမယ်။ ဟုတ်မှာပါ။ အဲဒါပဲနေမှာ။ လှမ်းဖမ်းလိုက်တဲ့ အသိ စက် တခု ၀ုန်းခနဲ့ ပြန်ဝင်။ ပန်းလေး လေး ပန်းလေး စိမ်းလာပြီ။ ဂွမ်... (မောင်..) တဲ့။ နာရီ ကြည့်လိုက်တော့ ၃ နာရီ ခွဲ။........နောက်........နောက်

ဟာ.. မြန်လိုက်တာ ၅ ခွဲခါနီးနေပြီ မြန်မြန်ရေချိုး။ ထွက်။ ရောက်။ ဘူကစ် နောက်ကျသွားတယ်။ သူတို့က တရုတ်မကြီး ဆိုင်မှာ ဆွဲနေကြပြီ။ ၀က်အူချိုနဲ့ ။ ကိုယ်ကလည်း ၀က်မြင်ရည် အာသာ က ကြွတက်လာတာ လာထားတစ်ပွဲပေါ့။ တရုတ်လိုတွေချည်း ရေးထားတာ ဘာတွေပြောမှန်းလည်းမသိလိုက်ဘူး။ ပိုက်ဆံရှင်းလိုက်တယ်။ စားတယ်။ ကောင်းတယ်။ ဒါပဲလေ ဒါပဲပေါ့။ နောက် ဘူကစ် မနေ့ကလောက်တော့မစည်ဘူး။ ပြီးတော့ ဆက်စတိုး ဆိုတဲ့ ဆိုင်နား ရစ်သီ ရစ်သီ နဲ့ ဒီမှာတော့ ဒါက မထူးပါဘူး။ ကိုယ်တို့ကသာ မြန်မာပြည်က လာတော့ ၀င်ဖို့ကိစ္စ ကို အီရတ်မှာ အသေခံ ဗုံးသွားခွဲ မှာ ကျနေတာပဲ။ ချီတုံချတုံ ၊ ပြီးတော့လည်း မ၀င်ဖြစ်ပါဘူး။ လက်နက်တွေ ကြည့်ရတာ ရက်စက်တယ်ထင်လို့။ အဲဒါနဲ့ ဟိုလျှောက်ဒီလျှောက်နည်းနည်းလောက် သွားပြီး ဘယ်သွားကြအုံးမလဲဆိုတော့ ...... ဟဲ ဟဲ လူကစုံတယ်လေ။ သိတယ်ဟုတ်။ သိပ်နာမည်ကြီးတဲ့နေရာပေါ့။

ပြည် တခု ရဲ့ အဆင့်အတန်းကို သိချင်ရင် ပြည့်တန်ဆာတန်းရဲ့အဆင့်အတန်းကို ကြည့်ရင် ကွင်းခနဲ ကွက်ခနဲ မြင်တယ်ဆိုပဲ။ ဒါပေမယ့် ဒီဝါကျ က အကြောင်းပြချက်တစ်ခုလည်း ဖြစ်နိုင်တာပဲ။သူတို့အတွက်။ အခု ကျွန်တော့်အတွက်ပေါ့။ အယ်ဂျူးနီ ဆိုတဲ့ ဘူတာမှာဆင်း။ လမ်းလျှောက်။ရောက်ဖူးတယ် ဆိုတဲ့ကောင်ပါတာကိုး။ သကောင့်သားကလည်း တစ်ခေါက်ပဲ။ ဒါတောင် ရောက်ဖူးရုံတင်။ လူတွေက လူရိုးမှ ဘုရားစူး လူရိုးတွေ။ ပြီးတော့ ရောက်ဖူးတဲ့အခေါက်ကလည်း မူးပြီး မမှတ်မိဘူးတဲ့။ သွားပါလေရော။ စလျှောက်ကတည်းက ဆန့်ကျင်ဘက် ကြီးလျှောက်သွားတာ ကြာလေ ဝေးလေ။ ကိုယ့် ညီတွေလည်းမနေရပါဘူး။ နံပါတ်ဘယ်လောက်လဲ ဘာလဲ ညာလဲ လှမ်းမေး ။ ရှုပ်ရှက် ကို ခတ်သွားတာပဲ။ နောက်တော့မှ တက်စီ သမား ကြီးကိုလိုက်ပို့ခိုင်း။ သင်း ကလဲ ဘယ်ပို့သွားမှန်းမသိဘူး။ တက်စီခကုန်တာပဲ အဖတ်တင်တယ်။ ခြေကလည်း ညောင်းပြီး။ မညောင်းနေနိုင်ရိုးလား ၈ လမ်း ကနေ လမ်း ၅၀ လောက်ထိအကွာအဝေး လျှောက်လာတာကိုး။ တော်ပြီ။ ဒီမှာတင် တဏှာတော့ တကြောပြတ်ပြီ ဟု ဆုံးဖြတ်ချက်ချ လှည့်ကာပြန်တော့မှ။ အားပါး ပါး လား လား။ မီးအိမ်နီ လေးတွေ။ ဒါ က ဒီ ရဲ့ ထူးခြားချက်။ (နောင် ဒီကိုလာသော နောင်လာနောက်သား ပုရိသများ မပင်ပန်းရရန်အလို့ ငှာ၊ လမ်းနံပါတ်က ၁၈ ဂေ လန်း တဲ့ဗျ မှတ်ထားကြအုံး၊ ကျုပ်တို့လို လည်နေမှာ စိုးလို့)

အံမယ် ရောက်သွားပြန်တော့ အထဲလည်း မ၀င်ရဲပါဘူး။ မ၀င်ရဲဆို။ သိတဲ့အတိုင်း ကိုယ်က သိပ်နာမည်ကြီးတဲ့နေရာ ဘာကြောင့်ကြီးတယ် ဆိုတာ သိချင်ရုံ လာတဲ့လူတွေချည်းပဲမလား။ ဒါပေမယ့် ရောက်မှတော့ ၀င်ကြည့်မှပါကွာ ဆိုတော့။ ၀င်ကြည့်လိုက်တော့။ အားးးးးး လို့ သာအော်ချင်တော့တာပဲ။ လူလူချင်း စတိုးဆိုင်ခန်းမှာ ပြထားသလို ပြ။ အရောင်းအ၀ယ် လုပ်။ သူတို့က လက်ကလေးတွေယပ် အော်လို့အော်။ ကိုယ်ကပဲ အခံမကောင်းလို့လား မသိဘူး ရင်ထဲကို နင့်သွားတာပဲ။ မိုးမှောင်ကြီး ကျသွားတယ်။ လူအခွင့်အရေး ဆိုတာ ကိုယ့် ခန္ဒာကို ကြိုက်သလိုအသုံးချခွင့် လည်း ပါတာပဲဆိုတာ ကိုယ့် နဖူးကိုယ် ပြန်ရိုက်ပြီး ကိုယ့် ကြမ္မာ ကိုယ်စီမံရေး။ ကြီးမားလှတဲ့ စကားလုံးတွေ။ လွှတ်လှတဲ့ စကားလုံးကြီးတွေ။ ဒါပေမယ့် အဲဒါ အိုးးးးးးးးး ကျွန်တော် တို့ဟာ ကမ္ဘာကြီးတဲ့ ကမ္ဘာကြီး ဆိုတာ ဟာ ကျွန်တော်တို့ တဲ့ ပြောလိုက်ပါအုံး ကမ္ဘာကြီး ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကမ္ဘာကြီး ဟာ...................... အဲလိုဟာ ခဲ့ရပါတယ်ဗျာ။ အဲလို ပျောက်ခဲ့ရပါတယ်။ ရှင်သန်ဖို့ ကြိုးစားရင်း နဲ့.........။ ဆရာဂျက် ရေးထားတာ တခုကို သွားသတိရမိတယ်။ လူများကို မွေးမြူ၍ ကျောက်ကပ် သွေး စသည်တို့ ရောင်းစား ဖို့အကြံလေး လှောင်ထားတာလေးပါ။ အော် အဲဒါ နဲ့ စာရင် ဒါက တော်ပါသေးတယ်။ ကိုယ်က ဘာတတ်နိုင်ပါမည်နည်း။ အော်... အော် ..အော်... အော် ..နဲ့ သက်ပြင်းတွေချ ..အဲဒီ အော်တွေသာ အော်ပလိုက်လို့ရရင်.. တကယ် ဒါဒါဝါဒ ကို အော်ထောက်ခံပစ် လိုက်တော့မယ်။

အပြန် ရထားပေါ်မှာ ဒီအကြောင်း ကိုယ့် ဆီမှာ တ၀ဲလည်လည်။ လူတွေ လူတွေ လူတွေ လူတွေ ............... အဲ့လိုသာမဆုံး နိုင်သောအံ့သြ မှုမျိုးနဲ့။ ဒါပေမယ့် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလေ. အသက်မွေးဖို့ လူဖြစ်လာကြတဲ့ လူဘောင် ရသလို အသက်မွေးကြရမှာပါပဲလေ။ ဒါကို ငြင်းလို့ ရှုံ့ချလို့မှ မရတာ။ သူတို့တောင် သူတို့ရှိသမျှဟာလေး နဲ့ အသက်မွေးဝမ်းကြောင်း နေကြတာလေ။ ကိုယ် ကိုယ်တိုင် ကကော အသက်မွေးဝမ်းကြောင်းဖို့ ဒီကိုထွက်လာရတာမလား ကိုယ်ချစ်တဲ့နေရာ၊ ကိုယ် ချစ်တဲ့ ဓလေ့၊ ကိုယ်ချစ်တဲ့အရာတိုင်းကို ခဏ စွန့်ခွါပြီး ...........ကိုယ်တောင် ဒါကိုနာကျင်နေရရင် သူတို့မှာ......

နွယ်(ပန်းကလေး) ပြောခဲ့ဖူးသည်။
ချောတိုင်တက်သမားတွေ၊ ချောတိုင်တက်ရင် တိုင်ထိပ် က အလံ ကိုပဲကြည့်ပြီး တက်ကြရသည်ဆိုလား.........

ထွန်းနွယ်

No comments:

Post a Comment